ခိုလမ်မြို့တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ခိုလမ် နိုဝင်ဘာ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ယူလျက်ရှိသော အသက်(၁၂) နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့က အခြေခံပညာအထက်တန်း ကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) များကို ပထမအကြိမ်အဖြစ် ထိုးနှံပေးခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ခိုလမ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး ဝန်ထမ်းများ၊  မီးသတ်ဦးစီးဌာန၊ ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များက ကာကွယ်ဆေးမထိုးမီ ကျောင်းသား/ ကျောင်းသူများ၏ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် ရယူခြင်း၊ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ပြုလုပ်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။ ထို့နောက် ကာကွယ်ဆေး ထိုးနှံပြီးသူ ကျောင်းသား/ကျောင်းသူများအား မိနစ်(၃၀)ခန့်အနားယူစေပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးပါသည်။ ကာကွယ်ဆေးထိုးရန် ကျန်ရှိသော ကျောင်းသား/ ကျောင်းသူများ ကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောင်ဟေးငင်း (ခိုလမ်)