ဒလ နိုဝင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် တားဆီး ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဦးစားပေး အစီအစဉ်အလိုက် သတ်မှတ်ထားသော ဦးတည်အုပ်စုများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက် လျက်ရှိရာ နိုဝင်ဘာ ၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် အပါအဝင် (အကြိမ်ပြည့်) ထိုးနှံပြီးသူ စုစုပေါင်း ၃၂၂၇၈ ဦးရှိပြီးဖြစ်ကြောင်း၊ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ ၃၀၆၇ ဦးအား ပထမအကြိမ် ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
လက်ရှိအချိန်တွင် ဆေးထိုးစုရပ်များဖြစ်သည့် မြို့နယ်ပြည်သူ့ဆေးရုံ၊ ကမာကဆစ်အလယ်ကျောင်း ပရိယတ္တိ စာသင်တိုက်၊ နန်းဦးကျောင်းတိုက်၊ ပျော်ဘွယ်ကြီးစံပြကျေးရွာရှိ ဘုရားကြီးတန်ဆောင်း စသည့် ဆေးထိုးစုရပ် ၄ နေရာတွင် အသက် ၄၀ နှစ် နှင့် အထက် ပြည်သူများနှင့် ဦးစားပေးအစီအစဉ်အလိုက် သတ်မှတ်ထားသော ဦးတည်အုပ်စုများ နှင့် အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပညာရေးဌာန၏ အစီအစဉ်ဖြင့် သတ်မှတ်ထားသော ကျောင်းများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်း များကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပညာရေး ဌာနမှ ဆရာ၊ ဆရာမများ ဆောင်ရွက်ပေးလျက်ရှိပြီး၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့မှ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်းကျော်(IPRD)