ကွမ်းခြံကုန်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်

ကွမ်းခြံကုန်း နိုဝင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး ​ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာမှုမရှိစေရန်နှင့် ရောဂါကူးစက်ဖြစ်ပွားမှု ဆက်လက်လျော့ကျလာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကို​ဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်နိုင်စေရေး​​ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ရပ်ကွက်/ကျေးရွာများတွင် နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နှိုးဆော်ချက်တွင် မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်များတွင်သာ နေထိုင်ခြင်းနှင့် လူစုလူဝေးကို တတ်နိုင်သမျှ ​ရှောင်ကျဉ်ခြင်း၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်နှင့် လူအများစုဝေးရာသို့ သွားရောက်ရန်များ ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကိုမကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ခြင်း၊ အလှည့်ကျရရှိလာသည့် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ခံယူခြင်း၊ သံသယရောဂါလက္ခဏာ တစ်စုံတစ်ရာရှိပါက မိမိဘာသာကုသခြင်းမျိုး မဆောင်ရွက်ဘဲ နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ် သတင်းပေးပို့၍ မိမိနှင့် အနီးကပ် ထိတွေ့သူများအား ကျန်းမာရေးဌာနက စုံစမ်းရှာဖွေဖော် ထုတ်ရာတွင် သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ် ထိတွေ့စပ်ဆက်ခဲ့သူများသည်လည်း ကျန်းမာရေးဌာနသို့ သတင်းပေးပို့၍ အသွားအလာ ကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းများကို ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းတို့ကို တိကျစွာ လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပညာပေး နှိုးဆော်ထားပါသည်။

ကွမ်းခြံကုန်းမြို့နယ်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ ပူးပေါင်းကာ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

ဆွေနွယ်(ပြန်/ဆက်)