မဘိမ်းမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ဆက်လက်ထိုးနှံပေး

မဘိမ်း နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းကို  ယနေ့နံနက် ၈ နာရီခွဲအချိန်က ခတ်ခုံကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် သတ်မှတ်စုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးထဲတွင်ရှိသည့် အောက်ဆီဂျင် ပမာဏတိုင်းတာခြင်းတို့ကို ဦးစွာဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့သည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့နယ်ပညာရေးမှူး ဒေါ်သန်းတင်နှင့် ပညာရေးဝန်ထမ်း များ၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးကိုကိုမျိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို သတ်မှတ်စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အထက(ခွဲ)(ခတ်ခုံ)စုရပ်မှ(၁၅ဝ)ဦးနှင့် အထက(ငါးအိုး) မှ(၁၄၄)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၉၄)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်စုရပ်နေရာများတွင် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)