မိတ္ထီလာ နိုဝင်ဘာ ၉
မိတ္ထီလာဒေသသို့ ဆောင်းရာသီကာလတွင် နှစ်စဉ်လာရောက်ကြလေ့ရှိသည့် ဆောင်းခိုငှက်များ ယခုနှစ်ဆောင်းရာသီကာလတွင် ယခင်နှစ်များထက် ပိုမိုလာရောက်နိုင်ကြောင်း ဆောင်းခိုငှက်များ လာရောက်မှုကို နှစ်စဉ်စောင့်ကြည့်လေ့လာသည့် ဒေသခံငှက်ကြည့်ဝါသနာရှင်များထံက သိရသည်။
မိတ္ထီလာဒေသကို ဆောင်းရာသီကာလရောက်တိုင်း လာရောက်လေ့ရှိကြတဲ့ ဆောင်းခိုငှက်တွေ ဒီနှစ်ဆောင်းရာသီကာလမှာ ပိုမိုလာရောက်နိုင်ပါတယ်။ မိုးရာသီနှောင်းပိုင်းကာလမှာ မိုးရွာသွန်းမှု ကောင်းတဲ့အတွက် မိတ္ထီလာကန်ရေပြည့်နေတဲ့အနေအထားရှိတာမို့ ဆောင်းခိုငှက်တွေ ပိုမို လာရောက်နိုင်တယ်လို့ ခန့်မှန်းလို့ရတာပါ။ မိတ္ထီလာကန်ရေပြည့်တဲ့ အနေအထားက သုံးနှစ်ခြား တစ်ကြိမ်၊လေးနှစ်ခြားတစ်ကြိမ်လောက်ဖြစ်တယ်။ ကန်ရေပြည့်တဲ့နှစ်တိုင်း ဆောင်းခိုငှက်တွေက သူတို့အမြဲတမ်း လာရောက်ကျက်စားဆောင်းခိုလေ့ရှိတဲ့ မိတ္ထီလာကန်အနီးတဝိုက်မှာ ပုံမှန်နှစ်တွေ ထက် ပိုမိုလာရောက်ကြတာတွေ့မြင်ရပါတယ် ဟု နန်းတော်ကုန်းရပ်ကွက်နေ ငှက်ကြည့်ဝါသနာရှင် ကိုဇော်ထွန်းက ပြောသည်။
မိတ္ထီလာကန်အနီးတဝိုက်နေရာများဖြစ်သည့် ပေါက်ချောင်း မိတ္ထီလာကန်ပတ်လမ်းအနီးနေရာ၊ အုတ်နှဲဘုတ်၊ အင်းပက်လက်၊လူးခင်းကြီး၊ ကျောက်ဖြူကုန်း၊ ဂဠုန်ကုန်း ကျေးရွာများအနီးတွင် ဆောင်းခိုငှက်များ နှစ်စဉ်လာရောက်ကျက်စားလေ့ရှိသည်။ မိတ္ထီလာဒေသသို့ လာရောက်ဆောင်းခို ကျက်စားလေ့ရှိသည့် ငှက်များမှာ ဒေါင်းလန်းခြေထောက်၊ဝမ်းဘဲ(ဟင်္သာ)၊ စစ္စလီ၊ မယ်ညို၊ ကြက်ဒုံ စသည့်ဆောင်းခိုငှက်မျိုးစုံပါဝင်ပြီး နိုဝင်ဘာလ လယ်ပိုင်းအချိန်မှ ဖေဖော်ဝါရီလကုန်ပိုင်းအချိန်အထိ လာရောက် ဆောင်းခိုနေထိုင်လေ့ရှိကြောင်းသိရသည်။
ချမ်းသာ