မိတ္ထီလာ နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ စက်ချုပ် နည်းပညာအခြေခံသင်တန်းကို ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်၍ (အခမဲ့) ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပြန့်ပွားလာစေရန်၊ စက်ချုပ်နည်းပညာရပ် များကို အသုံးပြု၍ အဝတ်အထည်များ ဒီဇိုင်းလှပပြီး စျေးကွက်ဝင်အထည်များအဖြစ် ထုတ်လုပ် လာနိုင်စေရန်၊ ကျေးလက်ဒေသရှိ အမျိုးသမီးငယ်လေးများ စက်ချုပ်နည်းပညာရပ်ကို တက်ကျွမ်း ပြီး တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်များ ထူထောင်၍ မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်ပြီး စက်ချုပ်နည်းပညာ အခြေခံသင်တန်းကို သင်တန်းသူ (၂၀)ဦးဖြင့် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ အခမဲ့ ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသာဝထံမှ သိရသည်။
အဆိုပါ စက်ချုပ်နည်းပညာ အခြေခံသင်တန်းတွင် စက်ကိုင်တွယ်အသုံးပြုနည်းများ၊ စက်နင်း လေ့ကျင့်ခြင်းနှင့် အခြေခံချုပ်ရိုးများ ချုပ်ခြင်း၊ အမျိုးသမီးဝတ်ရင်စေ့အင်္ကျီ၊ နောက်ကွဲခါးတင်အင်္ကျီ၊ အမျိုးသမီးဝတ်ရင်ဖုံးအင်္ကျီ၊ စကဒ်ချုပ်နည်းအမျိုးမျိုး၊ တစ်နှစ်အရွယ် သုံးဖြက်ဆက် အတွန့်ပါ ဂါဝန်၊ ကလေးဝတ် ဘောင်းဘီရှည် စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)