ကော့သောင်းမြို့တွင် ရပ်ကွက်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေး

ကော့သောင်း   နိုဝင်ဘာ  ၉   

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်၁၉ကာကွယ်ဆေး Sinopharm အား ဒုတိယအကြိမ်ဖြစ်ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာရပ်ကွက်အလိုက် ဆေးထိုးစုရပ်အသီးသီးတွင် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် အမှတ်(၁၃)ကုတင်(၁၀၀) တပ်မတော်ဆေးတပ်ဖွဲ့ဝင်များ၊ စစ်ဗျူဟာဆေးအဖွဲ့ (ကော့သောင်း) နှင့်ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းထိုးနှံပေးခြင်းဖြစ်သည်။

ကော့သောင်းမြို့နယ်အနေဖြင့် ၂၀၂၁ခုနှစ်၊ ဇွန်လအတွင်းက သံဃာတော်နှင့်သီလရှင်များ၊ ခရိုင် နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အပါအဝင် လူဦးရေစုစုပေါင်း(၅၄၂၅) ဦးအား အိန္ဒိယနိုင်ငံထုတ်COVISHIELD ကာကွယ်ဆေး(၂)ကြိမ်စီ အကြိမ်ပြည့် ထိုးနှံပေးခဲ့ပြီး ဖြစ် ကြောင်း၊ ယခု တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး  Sinopharm ဖြင့် အသက်၁၈ နှစ်အထက် မြို့နေပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးသူ (၃၂၀၀၀)ကျော်နှင့် နှစ်ကြိမ်အပြည့်ထိုးနှံပြီးသူ (၂၅၀၀၀)ကျော်ခန့်ရှိပြီးဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးရန်စာရင်းပေးထားသည့်မြို့နေ့ပြည်သူမည်သူ့ကိုမဆို ထိုးနှံ ပေးခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအထိ  သတ်မှတ်ရက်များအလိုက် ဆေးထိုး အဖွဲ့များဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ ပထမကြိမ်ဆေးထိုးနှံပြီးသူ အောင်သုခ ရပ်ကွက်ပြည်သူ(၄၀၀)ခန့်အား ရပ်ကွက်သဲတန်းဓမ္မာရုံတွင် အမှတ်(၁၃)ကုတင်(၁၀၀) တပ်မတော်ဆေးတပ်ဖွဲ့ဝင်များကလည်းကောင်း၊ အေးမြကန်သာရပ်ကွက်၊ ရပ်ကွက်ဓမ္မာရုံတွင် ပြည်သူ(၃၀၀)ကျော်ခန့်အား စစ်ဗျူဟာအဖွဲ့(ကော့သောင်း) ဆေးတပ်ဖွဲ့ ကလည်းကောင်း  ၊ ဆယ်မိုင်ကျေးရွာ၊ ကျေးလက်ပြည်သူ(၅၀၀)ကျော်ခန့်ကို ကျေးရွာမစိုးရိမ်ဓမ္မာရုံ၌  မြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများကလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ်တစ်ပြိုင်နက်တည်း ထိုးနှံပေးကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

ကျော်စိုး (ကော့သောင်း)