လားရှိုးမြို့ ပညာရေးဒီဂရီကောလိပ်တွင် နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမ သစ်လွင်များနှင့် အခြေခံ ပညာဆရာ/ဆရာမသစ်လွင် ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

လားရှိုး နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဆရာအတတ်ပညာဦးစီးဌာန၊ လားရှိုး ပညာရေးဒီဂရီ ကောလိပ်တွင် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ သစ်လွင်များ၊ အခြေခံပညာ ဆရာ/ဆရာမ သစ်လွင် ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးက ‘အသစ် ခန့်အပ်ထားသော နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမများအား ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း ၏ရည်ရွယ်ချက်သည် နိုင်ငံတော်ဝန်ကြီးချုပ် ၏ လမ်းညွှန်ချက်ဖြင့် အရည်အချင်းပြည့်၀သော ဆရာ/ဆရာများ ဖြစ်ပေါ်လာစေရေး၊ ကမ္ဘာအဆင့်မီ ပညာသင်ကြားမှု စနစ်များကို ကျွမ်းကျင်စွာအသုံးချနိုင်ရေး ဖြစ်ပါကြောင်း၊ ဆရာ/ဆရာမ တစ်ယောက်ဖြစ်လာရန် ဝါသနာ၊ စေတနာ၊ အနစ်နာ နာ(၃)နာနှင့် ပြည့်စုံရန်လိုအပ်ကြောင်း၊ ပညာရေးစနစ်သစ်တွင် စာပေအပြင် အားကစား၊ ဂီတ၊ ပန်းချီ၊ အိမ်တွင်းမှုစသည်ဖြင့် ကဏ္ဍစုံလင်စွာ ပါဝင်သင်ကြားရမည် ဖြစ်သည့်အတွက် ကျောင်းသား/သူများ၏ ဝါသနာကို ဆရာ/ဆရာမများအနေဖြင့် ပြုစုပျိုးထောင်ရန် လိုအပ်ပါကြောင်း’ နှုတ်ခွန်းဆက်သစကားပြောကြားပေးခဲ့သည်။  ထို့နောက် လားရှိုးဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းဝင်းက မွမ်းမံသင်တန်းဖွင့်လှစ်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်နယ် ပညာရေးမှူးရုံးခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးက ကျေးဇူးတင်စကား ပြောကြားပေးခဲ့သည်။

ဆက်လက်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးမှ သင်တန်းသား/သူများ အတွက် ထောက်ပံ့ငွေကျပ် (၅)သိန်းနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ လားရှိုးမြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ် ချုပ်မှုတာဝန်ခံအရာရှိ ဗိုလ်မှူးကျော်မျိုးသူမှ Mask (၅၀၀၀) နှင့် မူဆယ်မြို့‘ကျော်’ ကိုယ်ပိုင်အထက်တန်းကျောင်းမှ Face Shield (၄၀၀) ကိုလည်းကောင်းပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါမွမ်းမံသင်တန်းကို သင်တန်းနည်းပြ ဆရာ/ဆရာမ (၄၅)ဦးမှ သင်တန်းသား ဆရာ/ဆရာမ (၃၆၆)ဦးတို့ကို (၈-၁၁-၂၀၂၁)ရက်နေ့မှ (၃-၁၂-၂၀၂၁) ထိ လေ့ကျင့်သင်ကြားသွားမည်ဖြစ်သည်။

မွမ်းမံသင်တန်းအခမ်းအနားသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် အရာရှိများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်း နည်းပြဆရာ/ဆရာမများနှင့် သင်တန်းသား/သူ ဆရာ/ဆရာမ သစ်လွင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

ခရိုင် ပြန်/ဆက်