ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ များနှင့် စေတနာ့ဝန်ထမ်းများမှ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ ဒေါ်သန္တာ၏ ရင်တွင်းစကားသံများကို ဖော်ပြပေး လိုက်ရပါသည်။
ဒေါ်သန္တာ
ကျွန်မကတော့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်သန္တာဖြစ်ပါတယ်ရှင့်။ ကျွန်မမှာ မိသားစုလေးယောက်ရှိပါတယ်ရှင့်။ ဇူလိုင်လ (၁၁) ရက်နေ့မှာ စပြီးဖျားချင်သလိုဖြစ်လာတာနဲ့ မိသားစုနဲ့ခွဲနေပါတယ်။ (၃)ရက်လောက်နေတော့ အနံ့စပျောက်လာတာနဲ့ မြို့နယ်ဆေးခန်းသို့ သွားရောက်ပြသခဲ့ပါတယ်။ ဆရာဝန်မှ ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ တွေ့ရသည့်အတွက် နေအိမ် တွင် Home Quarantine နေခိုင်းပြီး ကျန်းမာရေးကို ဂရုစိုက်ဖို့၊ အာဟာရပြည့်ဝအောင် နေထိုင် စားသောက်ရန်နှင့် လေကောင်း လေသန့်ရရှိသည့် နေရာတွင် နေထိုင်ရန် မှာကြားခဲ့ပါတယ်။ အိမ်ရောက်တော့ ဆရာဝန် ညွှန်ကြားချက်အတိုင်း ဘီတာမင် C ပါဝင်သော အားဆေးများ သောက်ခြင်း၊ အာဟာရပြည့်ဝတဲ့ အစားအစာများစားခြင်း၊ အသက်ရှူလေ့ကျင့်ခန်းများ လုပ်ခြင်း၊ အိပ်ရေးဝဝ အိပ်ခြင်းတို့ကြောင့် ဇူလိုင်လ ၂၀ ရက်နေ့ လောက်မှာ အနံ့ပြန်ရခဲ့ပါတယ်။ မိသားစုဝင်များ၊ မိတ်ဆွေ အပေါင်းအသင်းများ၏ အားပေးစကားများကြောင့်လည်း ပြန်လည်ကျန်းမာလာခဲ့ပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီလို့ သံသယရှိလျှင် အရမ်းမကြောက်ကြပါနဲ့။ နီးစပ်ရာကျန်းမာရေးဌာန များနှင့် ဆက်သွယ်ပြီး ဆေးကုသမှုများခံယူကြပါ။ အကြံဉာဏ်များ တောင်ခံကြပါ။ ကိုဗစ်- ၁၉ ရောဂါ ဟာ ကြောက်စရာမဟုတ်ပါဘူး။ ကိုယ်ခံအားကောင်းနေလျှင် စိတ်ဓာတ်ကြံ့ခိုင်နေလျှင် အမြန်ဆုံး ပျောက်ကင်းနိုင်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံရအောင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်များနှင့်အညီ အပြင်ထွက်တိုင်း Mask ကိုစနစ်တကျ တပ်ဖို့၊ လက်ကို မကြာခဏ ဆေးကြောဖို့၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေဖို့နှင့် အာဟာရပြည့်ဝတဲ့ အစားစာများ စားသုံးကြဖို့ တိုက်တွန်းချင်ပါတယ်။ ယခုလက်ရှိ ထိုးနှံပေးနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများအလိုက် ဆေးထိုးစုရပ်နေရာများတွင် သွားရောက်ထိုးနှံကြဖို့ တိုက်တွန်းအပ်ပါတယ်ရှင်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
ဖြိုးစန္ဒာကျော်