ကျိုင်းတုံ နိုဝင်ဘာ ၈
ကျိုင်းတုံ တက္ကသိုလ်နှင့် ကျိုင်းတုံပညာရေး ဒီဂရီကောလိပ်တို့မှ နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမများ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းက ကျိုင်းတုံ တက္ကသိုလ်နှင့် ကျိုင်းတုံပညာရေးဒီဂရီ ကောလိပ်တို့တွင် ကျင်းပရာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေး အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲနိုင် တို့ တက်ရောက် အမှာစကားပြောကြားသည်။
ရှေးဦးစွာ နံနက် ၈နာရီတွင် ကျိုင်းတုံ တက္ကသိုလ်၊ ခေမရဌ်ခန်းမ၌ ကျိုင်းတုံ တက္ကသိုလ် နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမများ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြီး တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားသည်။
"မည်သည့်အရောင်မျှ မပါသော အဖြူထည်သက်သက်ဖြင့် ပညာရေးကိုသာ အလေးပေး သင်ကြား ပို့ချသော ဆရာ၊ဆရာမများ ဖြစ်စေလိုကြောင်းနှင့် မည်သည့်အခက်အခဲမဆို ချက်ခြင်းတင်ပြ ပြောကြားစေလိုကြောင် အဖွင့်အမှာစကား၌ တိုင်းမှူးက ထည့်သွင်းပြောကြားသည်။
ထို့နောက် ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စမ်းစမ်းမာက တက္ကသိုလ်နည်းပြ၊သရုပ်ပြ ဆရာ/ဆရာမများအား ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဆရာ၊ ဆရာမများလိုက်နာ ကျင့်သုံးရမည့် ကျင့်ဝတ်များနှင့် မွန်မံသင်တန်း စည်းကမ်းများကို ပြောကြားသည်။
ဆက်လက်၍ တိုင်းမှူးက သင်တန်းနည်းပြ ဆရာမကြီးများနှင့် သင်တန်းသားများကို ဂုဏ်ပြု လက်ဆောင်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့သည် ကျိုင်းတုံ ပညာရေးဒီဂရီ ကောလိပ်သို့ သွားရောက်ပြီး သင်တန်းခန်းမ၌ ကျင်းပသည့် ပညာရေးကောလိပ် နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမ သစ်လွင်များ၊ အခြေခံပညာ ဆရာ/ဆရာမ သစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို တက်ရောက်သည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရဲနိုင်က အဖွင့်အမှာစကားပြောကြားပြီး ပညာရေးကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာ နုနုအေးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
ယင်းနောက် တိုင်းမှူးက သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသားများကို ဂုဏ်ပြု လက်ဆောင်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်သည်။ ယနေ့ ဖွင့်လှစ်သည့် ကျိုင်းတုံတက္ကသိုလ် မွန်းမံသင်တန်း၌ သင်တန်းသား (၅၀)ဦး၊ သင်တန်းကာလ (၁)လ၊ ကျိုင်းတုံ ပညာရေးကောလိပ် မွမ်းမံသင်တန်း၌ သင်တန်းသား(၁၃၅)ဦး၊ သင်တန်းကာလ ရက်သတ္တပတ် (၂)ပတ် ဖြစ်ကြောင်း သိရသည်။
မောင်မောင်နိုင်(ကျိုင်းတုံ)