မိုင်းခတ်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ

မိုင်းခတ် နိုဝင်ဘာ ၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် နိုဝင်ဘာ ၁ ရက်နေ့က စတင်ဖွင့်လှစ်ရာအား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မိုင်းခတ်မြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၁) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်း၊ အလယ်တန်း ကျောင်းခွဲ (၃)ကျောင်း၊ မူလတန်းလွန်ကျောင်း(၃)ကျောင်း၊ မူလတန်းကျောင်း (၂၇)ကျောင်း၊ မူလတန်းကျောင်းခွဲ(၁၁)ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်းပေါင်း (၄၇) ကျောင်း စာရင်းရှိရာ ယနေ့အထိ ကျောင်းပေါင်း(၃၉)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူပေါင်း(၂၇၆၈)ဦး စာရင်းရှိရာယနေ့အထိ (၁၃၆၉) ဦး တက်ရောက်ပညာသင်ကြားလျက် ရှိပြီး အ‌ခြေခံပညာကျောင်းများ ဆက်လက်ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

အဆိုပါ ပညာသင်ကြားရန်လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျောင်းဝန်းအတွင်းမဝင်ခင် အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း Mask တပ်ဆင်စေခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျောင်းဝန်း အတွင်း ဝင်ရောက်စေခြင်း၊ လက်ဆေးဘေလ်စင်များထားရှိပေးကာ မကြာခဏ စက္ကန့်(၂၀)ကြာ လက်ဆေးခြင်းများ ဆောင်ရွက်စေခြင်းနှင့် စာသင်ခန်းအတွင်း တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာမှ နေထိုင်ကာ ပညာသင်ကြားစေခြင်းတို့ကို တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)