ကလိန်အောင် နိုဝင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ရပ်ကွက်/ ကျေးရွာများတွင် ထိုးနှံပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသော်လည်း ပြန်လည် ကောင်းမွန်လာသူ ဒေါ်သန်းဝင်း၏ ရင်တွင်းစကားသံကို ဖော်ပြပေး လိုက်ရပါသည်။
ဒေါ်သန်းဝင်း၊ အသက်(၆၅)နှစ် အမှတ်(၃)ရပ်ကွက်၊ ကလိန်အောင်မြို့ ကျွန်မက တော့ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်သန်းဝင်း ဖြစ်ပါတယ်။ အသက်ကတော့ (၆၅) နှစ်ရှိပါပြီ။ အိမ်က ညီမဖြစ်သူ နေမကောင်းဖြစ်လို့ ဆေးခန်းသွားပြတဲ့အခါမှာ ဆရာဝန်က စစ်ဆေးကြည့်ပါပြောလို့ သွားစစ် ရာက ပိုးတွေ့တာဖြစ်ပါတယ်။ ပြီးတော့ မိသားစုဝင်တွေမှာလည်း ကူးစက်ခံရတာ ဖြစ်ပါတယ်။ ကျွန်မမှာ ဆီးချိုနဲ့ သွေးတိုးရောဂါရှိတော့ ကိုဗစ်ပိုးကူးခံရပြီလို့ သိသိချင်း တော်တော်ကြောက်ခဲ့ပါတယ်။
ဒါကြောင့် ရေဖြူ ကိုဗစ်ကုသရေးစင်တာမှာ သွားရောက်နေထိုင်ပြီး ဆေးကုသမှု ခံယူခဲ့ပါတယ်။ ရောက်ပီး နှစ်ရက်လောက်ကြာတော့ အဖျားအနည်းငယ်တော့ ဝင်လာပါတယ်။ အနံ့ပျောက်ပြီး အရသာလည်း မရတော့ပါဘူး။ သွေးတိုးလည်း အနည်းငယ် တက်လာပါတယ်။ ဆရာမတွေကတော့ ဆေးပေး ပြီးလိုအပ်တဲ့ ကုသမှုတွေ လုပ်ပေးပါတယ်။ အောက်ဆီဂျင်ကျတာမျိုး မရှိလို့ အောက်ဆီဂျင်တော့ မရှူခဲ့ရဘူး။ အရေးပေါ်လိုအပ်ရင် ခေါ်ဖို့ဖုန်းနံပါတ်တွေလည်း ပေးထားတယ်။ ဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်း လိုက်နာ ပြီး လေ့ကျင့်ခန်းလုပ်တယ်။ ကိုယ်ခံအား ကောင်းအောင်နေတယ်။ အိပ်ရေးဝအောင်အိပ်တယ်။ အားရှိစေတဲ့ အစားအစာတွေ များများစားပါတယ်။ အစားအသောက်နဲ့ ပတ်သက်ပြီး အလှူရှင်တွေက နေ့တိုင်းရှိလို့ အဆင်ပြေပါတယ်။
ရေဖြူကုသရေးစင်တာမှာ (၁၁) ရက် နေခဲ့ရပါတယ်။ အိမ်ပြန်ရောက်တော့လည်း ဆရာမတွေ ညွှန်ကြားတဲ့ အတိုင်း အသက်ရှူလေ့ကျင့်ခန်း ပုံမှန်လုပ်ပါတယ်။ အအေးမမိအောင် ဂရုစိုက်ပြီးနေထိုင်လို့ အခုဆိုရင် အတော်နေကောင်းနေပါပြီ။ ကျွန်မတို့ အရွယ်က ကိုယ်ခံအားလည်း နည်းလာပြီ။ ရောဂါအခံလည်းရှိတော့ အခုထိ ဂရုစိုက်ပြီး နေထိုင်ပါတယ်။ ပင်ပန်းတာတွေတော့ မလုပ်သေးဘူး။ ကာကွယ်ဆေး ထိုးပြီးပါပြီ။ ကာကွယ်ဆေးထိုးထားပြီးပေမဲ့လည်း ပြန်ကူးနေတာတွေ့ရပါတယ်။ ဒါကြောင့် အပြင်သွားတိုင်း mask ကို စနစ်တကျ တပ်ဆင်မယ်။ အပြင်ကပြန်လာပြီးတိုင်း လက်ဆေးမယ်၊ ကာကွယ်ဆေးလည်း ထိုးထားမယ် ဆိုရင်တော့ ကိုဗစ်ကို ကြောက်စရာ မလိုတော့ဘူးလို့ ထင်ပါတယ်။
ကလိန်အောင်(ပြန်/ဆက်)