ရွှေပြည်သာမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်နေပြည်သူ (၂၁၇)ဦးအား ပေးအပ်

ရန်ကုန်  နိုဝင်ဘာ  ၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ပြည်သူများအတွက် ပန်းခင်း စီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် နိုင်ငံသားများ မကျန်ရှိစေရန် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်နေ ပြည်သူ(၂၁၇)ဦးအား ပေးအပ်ပွဲ အခမ်အနားကို ယမန်နေ့နေ့လယ်(၂)နာရီခွဲအချိန်က ရွှေပြည်သာမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ အ.ထ.က(၅) ကျောင်းတွင် ပေးအပ်ခဲ့ကြောင်း ရွှေပြည်သာ မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

အခမ်းအနားတွင် ရွှေပြည်သာမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးက အဖွင့်အမှာစကား  ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းသူအောင်က ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာများနှင့် နိုင်ငံသားဆိုင်ရာ အချက်အလက်များကို ရှင်းလင်း ပြောကြားခဲ့ပြီးနောက် အမှတ်(၉)ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူ(၂၁၇)ဦးအား တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အသီးသီး ပေးအပ်ခဲ့ရာ ရပ်ကွက်နေပြည်သူများ ကိုယ်စား အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

အဆိုပါ အခမ်အနားကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရွှေပြည်သာ မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူအောင်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း(၂၃)ရပ်ကွက်နှင့် ကျေးရွာပေါင်း(၄)ခုရှိ ပြည်သူများထံသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိရာ အိမ်ထောင်စုစာရင်း (၁၅၅၂)စုရှိ ရပ်ကွက်နေ ပြည်သူ (၃၄၅၀)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ပြုလုပ် ဆောင်ရွက်ပေးပြီးဖြစ်ရာ ကျန်ရှိနေသော ရပ်ကွက်/ကျေးရွာများသို့လည်း ကွင်းဆင်း ဆောင်ရွက် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ မေလ (၃)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၃) ရက်နေ့အထိ (၁၈)လကြာ ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်သူများသိရှိနိုင်စေရန်အတွက် ဗီနိုင်းများ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးမိုး(ပြန်/ဆက်)