ဘားအံ နိုဝင်ဘာ ၇
(၆၆)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်၌ ကျင်းပရာ သဘာပတိအဖြစ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ရပ်မိရပ်ဖဦးစောဖိုးနီနှင့် ကရင်စာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌ ဦးစောအေးမြတို့က ဆောင်ရွက်ကြပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင်၊ ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် သဘာပတိအဖွဲ့ဝင်များနှင့် တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံ၊ ကျဆုံးလေပြီးသော အာဇာနည်ပုဂ္ဂိုလ်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုကြပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် ၂၀၂၁ ခုနှစ် (၆၆)နှစ်မြောက် ကရင်ပြည်နယ်နေ့သဝဏ်လွှာအား သဘာပတိအဖွဲ့ဝင် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကိုက ဖတ်ကြားသည်။
ထို့နောက် (၆၆)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးနှင့်ပြခန်းများဖွင့်ပွဲကို ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်းရှိ အဆိုပါမုခ်ဦးရှေ့၌ ကျင်းပရာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် ကိုကိုမောင်၊ ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း၊ KNU ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA မှ ဗိုလ်မှူးကြီး အဆင့်ရှိ စောကျော်သန်းဌေးတို့က (၆၆)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးနှင့် ပြခန်းများအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဗိုလ်မှူးကြီး မျိုးမင်းနောင်က (၆၆)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်မုခ်ဦးနှင့် ပြခန်းများအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြပြီး ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် သီရိကွင်း ဒုံးစင်မြင့်တွင် ကရင်ရိုးရာဒုံးအကများဖြင့် ဖျော်ဖြေတင်ဆက်ကပြကြရာ ခေတ္တဝန်ကြီးချုပ်ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေး အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပြည်သူများမှ ကြည့်ရှုအားပေးခဲ့ကြပြီး ကပြဖျော်ဖြေကြသည့် ဒုံးအဖွဲ့များအား ခေတ္တဝန်ကြီးချုပ် ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ကရင်အမျိုးသားအစည်းအရုံး KNU ကော့ကရိတ်ခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ (၆၆)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ထူးချွန်သူ များအား ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်သည့်အခမ်းအနားကို နံနက် ၁၀ နာရီခန့်တွင် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးကြီး မျိုးမင်းနောင်က အဖွင့်အမှာစကားပြောကြားပြီး ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က အခွန်ထမ်းဆောင်မှု ထူးချွန်ဆု၊ မွေးမြူရေးထူးချွန်ဆု၊ စိုက်ပျိုးရေးထူးချွန်ဆု၊ တက္ကသိုလ်ကောလိပ်များမှအားကစားထူးချွန်ဆု၊ ပြည်နယ် ဘောလုံးအားကစားထူးချွန်ဆု၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံထူးချွန်ဆု အစရှိသည့် ထူးချွန်ဆု စုစုပေါင်း (၆၀) ဆုကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)