ကျောက်ဆည် နိုင်ဝင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ရဲရွာရေအားလျှပ်စစ်စီမံကိန်း ရေလှောင်တမံ အတွင်းသို့ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးပြီး ယနေ့နံနက်(၈)နာရီခွဲက ငါးသားပေါက် ကောင်(၉၀၀,၀၀၀) စိုက်ထည့်ပေးခဲ့ကြောင်း သိရှိရသည်။
ငါးမျိုးစိုက်ထည့်ရာတွင် မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ဌာနမှူး ဦးအောင်ညီတိုးနှင့် ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးကော်မတီအဖွဲ့၊ အဖွဲ့ဝင်ဦးအောင်သူ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ငါးလုပ်ငန်းတာဝန်ခံနှင့်ဝန်ထမ်းများ၊ ရဲရွာရေအားလျှပ်စစ် တမံလုပ်ခြုံရေးအဖွဲ့ဝင်များ၊ ရဲရွာရေအားလျှပ်စက်ရုံတာဝန်ခံနှင့် ဝန်ထမ်းများ၊ သရက်ကုန်း၊ ကူမဲ၊ နတ်ရေကန် ငါးလုပ်ငန်း စခန်းများမှ စခန်းတာဝန်ခံများနှင့်တာဝန်ရှိသူများက ငါးမြစ်ချင်း ကောင်ရေ(၇၀၀,၀၀၀)၊ ငါးခုံးမကြီးကောင်ရေ(၂၀၀,၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၉၀၀,၀၀၀) စိုက်ထည့်ပေး ခဲ့ကြောင်း သိရှိရသည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်၊ အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရေး ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရေး၊ ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရေး ရည်ရွယ်ပြီး မြစ်ကြီးများ၊ သဘာဝမြစ်များ၊ ချောင်း၊ အင်းအိုင်တို့နှင့် ထိစပ်လျက်ရှိသော မြစ်ဖျား၊ ချောင်းဖျားနှင့် ဆည်၊ ကန်၊ ရေလှောင်တမံများအတွင်းသို့ နှစ်စဉ် ငါးသားပေါက်များ စိုက်ထည့်ပေးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)