မလှိုင် နိုဝင်ဘာ ၇
၂ဝ၂၁ ခုနှစ် နိုဝင်ဘာ(၇)ရက်နေ့တွင်ကျရောက်သည့်ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည် ။
ရှေးဦးစွာ နံနက် (၆)နာရီအချိန်တွင် မလှိုင်မြို့နယ် ထန်းတောကျေးရွာအုပ်စု၊ မုံပင်လေးကျေးရွာရှိ ဓမ္မိကာရာမ အပ္ပမာဒ ဓမ္မရိပ်သာ၌ ရှစ်မျက်နှာ ၊လေးမျက်နှာကျောင်းတိုက်နှင့် ဓမ္မိကာရာမ အပ္ပမာဒ ဓမ္မရိပ်သာရှိ သံဃာတော်များနှင့် သီလရှင်စုစုပေါင်းအပါး(၁၆ဝ)ကျော်တို့အား အာရုဏ် ဆွမ်းများ ဆက်ကပ်လှုဒါန်းခဲ့ပြီး အလိုတော်ပြည့် ဗုဒ္ဓရုပ်ပွား တော်အဆူ (၂ဝဝ)အား ဗုဒ္ဓဘိသေက အနေကဇာ တင်လှူ ပူဇော်ပွဲကျင်းပခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ဗုဒ္ဓဘိသေ က အနေ ကဇာတင်ပူဇော်ပွဲ အခမ်းအနားတက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ထွေ/အုပ်(အငြိမ်းစား)ဝန်ထမ်းများနှင့် တာဝန်ထမ်းဆောင်ဆဲ ထွေ/အုပ်ဝန်ထမ်းများ အားလုံးကို ရုပ်ပွားတော်များ ပူဇော်နိုင်ရန် ပေးအပ်ခဲ့သည် ။
ယင်းနောက် နံနက်(၉) နာရီအချိန်တွင် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို မြို့နယ် ရုံး အစည်းဝေး ခန်းမ၌ ဆက်လက်ကျင်းပရာ ဝန်ထမ်းများက “ စကားဝါမြေ ’’ သီချင်းသီဆို ကပြပြီး အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝန်ထမ်းများက “ ငြိမ်းချမ်းရေးနှင့် စည်းလုံးကြမယ် ”သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ဆည်တိုကျေးရွာ၊ ကျပ်ဆည် ကျေးရွာနှင့် သုံးတောင် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတို့အား မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ် အုပ်ချုပ်ရေး မှူး ဦးစိုးမင်းထက်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ထိန်လင်းမောင်တို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး ဖျော်ဖြေရေးအကအဖွဲ့များအား မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး နှင့်ဇနီးတို့က ငွေကျပ် နှစ်သိန်းချီးမြှင့်ပေးခဲ့သည်။
ထို့အပြင် မြို့နယ်အုပ်ချုပ်ရေးမှူးက လက်ဆောင်ပစ္စည်းများကို မဲဖေါက်၍ ဝန်ထမ်းများအား အမှတ်တရပေးအပ်ခဲ့ပြီး ဝန်ထမ်းများမှလည်း မလှိုင်မြေအလှ ထွေအုပ်က၊ နောင်အင်းလေး၊ စသည့် အကမျိုးစုံဖြင့် တိုက်နယ်အလိုက် ဖျော်ဖြေခဲ့ကြကြောင်း သိရသည် ။
အောင်ဌေး(မလှိုင်)