ပိုင်ကျုံ နိုဝင်ဘာ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု အမြန်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သံဃာတော်များ၊ အသက်(၁၈) နှစ်အထက် ဒေသခံပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိ နေသေးသည့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဈေးရောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉) နာရီအချိန်က ပိုင်ကျုံမြို့ တိုက်နယ် ဆေးရုံ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအသုတ်(ပထမ) အကြိမ်တွင် ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၂၆၅၀)ဦး ထိုးနှံပေးနိုင်ခဲ့ပြီး တတိယအသုတ်(ဒုတိယ) အကြိမ် ကာကွယ်ဆေး ထိုးနှံခြင်းကို နိုဝင်ဘာလ(၇)ရက်နေ့တွင် လူဦးရေ(၉၆၀)ဦးထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်းတိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာမှဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
ပိုင်ကျုံ (ပြန်/ဆက်)