မိုင်းဖြတ် နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု လျှော့ကျစေရန်နှင့် ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီ ခန့်က ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို မြို့ပေါ်ရပ်ကွက် နှင့်ကျေးရွာများသို့ ကွင်းဆင်း လှည့်လည်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်နှင့် ဟိုနားကျေးရွာသို့လည်းကောင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း၊ မြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျှော့ကျစေရေးနှင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များဖြစ်သည့် နေအိမ်အတွင်း၌သာ နေထိုင်ရေး၊ မဖြစ်မနေ အိမ်အပြင်သို့ထွက်ပါက ပါးစပ်/ နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ရေး၊ လက်ကိုဆပ်ပြာဖြင့် မကြာခဏ ဆေးကြောရန်၊မိမိနေအိမ်သို့ ဧည့်သည်များ လက်ခံ ခြင်းမပြု ရန်၊ အခြားဒေသ သို့သွားလာခြင်းမပြုရန်၊ ပါးစပ်/နှာခေါင်းစည်း (Mask)မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စျေးဝယ်ခြင်းတို့ကိုရှောင်ကြဉ်ရေး ၊ဆိုင်ထိုင် စားသောက်ခြင်း မပြုဘဲ ပါဆယ်စနစ်ဖြင့် ဝယ်ယူရောင်းချရန်၊ လူစုလူဝေးပြုလုပ်ခြင်းမှ ရှောင်ကျဉ်ကြရန်နှင့် အသွားအလာ ကန့်သတ်ထားရှိမှုကို လိုက်နာကြရန်စသည့် အချက်များကို မြန်မာ၊ ရှမ်း၊ လားဟူ သုံးဘာသာဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့သည်။
ထို့အပြင် သွားလာနေကြသည့် မိဘပြည်သူများအား ပါးစပ်/နှာခေါင်းစည်း(Mask)ကို တပ်ဆင်၍ သွားလာရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်း(Mask)များကို အခမဲ့ဝေငှခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)