မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၅)ဦးထပ်မံစစ်ဆေးတွေ့ရှိ

မိုင်းပျဉ်း   နိုဝင်ဘာ   ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၅) ဦးအား ယမန်နေ့က ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ(၅)ဦးမှာ မိုင်းပျဉ်းမြို့၊ ပိန်းဆန်းရပ်ကွက်၊ စံပယ်လမ်းနေ အသက်(၃၄)နှစ်ရှိ အမျိုးသား(၁)ဦး၊ အသက်(၄၄)နှစ်၊ အသက်(၇၀)နှစ်နှင့် အသက်(၈၈)နှစ်ရှိ အမျိုးသမီး (၃)ဦးနှင့် ကွန်ဟိန်းမြို့နေ အသက်(၃၅)နှစ်ရှိ အမျိုးသား(၁)ဦးတို့ဖြစ်ကြောင်း သိရ သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၅)ဦးအနက် မိုင်းပျဉ်းမြို့၊ ပိန်းဆန်းရပ်ကွက်၊ စံပယ်လမ်း မှ ပိုးတွေ့လူနာ(၄)ဦးသည် နှာစေးခြင်း၊ ဖျားနာခြင်းလက္ခဏာများခံစားရသဖြင့် ယမန်နေ့ နေ့လယ်ပိုင်းနှင့် ညနေပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ RDT Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့သဖြင့် ၎င်းတို့၏အတူနေ မိသားစုဝင်များကို ဆက်လက်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိ (Negative)ဖြစ်ကြောင်းနှင့် ကွန်ဟိန်းမြို့မှ ပိုးတွေ့လူနာ(၁)ဦးသည် ယာဉ်မောင်းတစ်ဦးဖြစ်ပြီး တာချီလိတ်မြို့သို့ ခရီးသည်များ ပို့ဆောင်ရန် ယမန်နေ့ နံနက်(၉) နာရီ က ကွန်ဟိန်းမြို့မှ စတင်ထွက်ခွာခဲ့ရာ မွန်းလွဲ ၂ နာရီခွဲက မိုင်းပျဉ်းမြို့အဝင် ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာပြီး RDT Test Kit ဖြင့် စစ်ဆေးရာမှ ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အထက်ပါ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၅)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံ၌ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုခံယူစေမည်ဖြစ်ပြီး ၎င်းတို့၏မိသားစုဝင်များ၊ ထိတွေ့ခဲ့သူများအား အသွားအလာ ကန့်သတ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇွန်(၃၀)ရက်မှ ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၇၃၄)ဦးအထိ စစ်ဆေးတွေ့ရှိပြီး ကျန်းမာရေးကောင်းမွန်၍ နေရပ်ပြန်ခွင့်ရသူ(၇၁၇)ဦး၊ ဆေးကုသ မှုခံယူ နေသူ(၁၂)ဦး နှင့် သေဆုံးလူနာ(၅)ဦးရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)