ရမည်းသင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ထည့်သွင်း၊ ပြင်ဆင်၊ ဖြည့်စွက်ခြင်းများဆောင်ရွက်

ရမည်းသင်း ဩဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဩဂုတ် ၁၅ ရက်နံနက်ပိုင်းကစတင်၍ ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲများမှပေးပို့သည့် ပြင်ဆင်၊ ဖြည်စွက်၊ ပျယ်ဖျက်ခြင်းတို့ကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် ပုံစံ (၃)၊ ပုံစံ (၄) ၊ပုံစံ (၄-ဂ)များဖြင့် တောင်းဆိုမှုများအား မြို့နယ်မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် အဖွဲ့ခွဲဝင်များပူးပေါင်း၍ မဲဆန္ဒရှင်စာရင်းများ ထည့်သွင်း၊ ပြင်ဆင်၊ ဖြည့်စွက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်အတွင်း ပထမအကြိမ်မဲဆန္ဒရှင်စာရင်းကို ဇူလိုင် (၂၅) ရက်မှ ဩဂုတ် (၁၄) ရက်ထိ ကပ်ထားကြေညာခဲ့ပြီး တစ်မြို့နယ်လုံး ပုံစံ(၃)ဖြင့် လျောက်ထားသူ (၃၅၁၅) ဦး၊ ပုံစံ(၄) ဖြင့် ကန့်ကွက်သူ (၂၀၄၁) ဦး၊ ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်သူ (၂၃၁၆) ဦးရှိပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာရာတွင် တိကျမှန်ကန်သော မဲဆန္ဒရှင်စာရင်းများကို ဌာနဆိုင်ရာများနှင့် စနစ်တကျ ပူးပေါင်းစိစစ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရသည်။

ဇော်ဝင်းအောင်(ရမည်းသင်း)