သီပေါမြို့နယ်တွင် စိုက်ပျိုးထားသော မိုးစပါးမှော်ဘီ-၂ မျိုးစေ့ထုတ်စိုက်ခင်းအား မိုင်းငေါ့မြို့မှ တောင်သူများ လာရောက်ကြည့်ရှုလေ့လာ

သီပေါ နိုဝင်ဘာ ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဘော်ကြိုကျေးရွာအုပ်စု ဆားတွင်းကျေးရွာရှိ တောင်သူဦးကျော်ညွန့် လယ်၌ မိုးစပါးမှော်ဘီ-၂ မျိုးစေ့ထုတ် စိုက်ခင်းအား အကျိုးဆောင် တောင်သူများနှင့် ပူးပေါင်းစိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းနေမှုအား ယမန်မွန်းလွှဲပိုင်းက မိုင်းငေါ့မြို့ စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူးနှင့် တောင်သူများက လာရောက်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

ဦးထွန်းမင်းဦးက ကြိုဆို နုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် လာရောက်လေ့ လာသော မိုင်းငေါ့မြို့ စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူးနှင့် တောင်သူများအား လာရောက်လေ့လာစဉ်  တွေ့ရှိရသည့် အတွေ့အကြုံများကို နည်းစနစ်များ ရယူပြီး မိမိတို့မြို့နယ်တွင် ပြန်လည်ဆောင်ရွက်ရန်လိုကြောင်း၊ နည်းပညာများကို တစ်ဦးနှင့် တစ်ဦး ဖလှယ်ရယူကြပါက စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်လာမည်ဖြစ်ပါ ကြောင်း စသည်ဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ကျောက်မဲခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့်တောင်သူများက မိုးစပါးမှော်ဘီ-၂ မျိုးစေ့ထုတ် စိုက်ခင်းအား သွားရောက် ကြည့်ရှုလေ့လာရာ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦးက တောင်သူများ မျိုးကောင်း မျိုးသန့် အလုံအလောက်ရရှိရေးနှင့် ဒေသဝမ်းစာဖူလုံရေးအတွက် စပါးမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးထားရှိမှု၊ ဒေသတွင်း အများဆုံးစိုက်ပျိုးသည့် မှော်ဘီ-၂ စပါးမျိုးအား စံထားမျိုးအဖြစ် စိုက်ပျိုးထားရှိမှုများကို လိုက်လံရှင်းလင်းပြသခဲ့ ကြောင်း သိရသည်။

ခင်လေး (သီပေါ၊ပြန်/ဆက်)