ပင်လောင်းမြို့နယ်၌ Local Semi-Lockdown သတ်မှတ်ကာလအတွင်း ပြည်သူများ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိ အဖွဲ့များဖွဲ့စည်း၍ နေ့စဉ်စစ်ဆေးလျက်ရှိ

ပင်လောင်း နိုဝင်ဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု များပြားလာသောကြောင့် Local Semi-Lockdown ကာလသတ်မှတ် စည်းကမ်းချက်များ နှင့်အညီ လိုက်နာမှုရှိ/မရှိ ယနေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာများက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် စစ်ဆေးရေးအဖွဲ့(၂)တွင် ပါ၀င်သည့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ် လဝကရုံး၊ မြို့နယ်အား/ကာ ဦးစီးဌာန၊ မြို့နယ်စီမံကိန်းရုံးမှ တာ၀န်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စျေးဆိုင်များ၊ ခရီးသွားပြည်သူများအား Local Semi-Lockdown ကာလအတွင်း သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ သွားလာမှု ရှိ/မရှိ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြပြီး သတ်မှတ် စည်းကမ်းချက်များအား လိုက်နာမှုမရှိပါက စျေးရောင်းချခွင့် ယာယီရပ်ဆိုင်းခြင်းများ၊ ခရီးသွားလာရာတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာမှု မရှိကြောင်း စစ်ဆေး တွေ့ရှိပါက စီမံခန့်ခွဲရေးနည်းလမ်းအရ လည်းကောင်း၊ ကူးစက်ရောဂါ ကာကွယ် နှိမ်နင်းရေး ဥပဒေအရ လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ လည်းကောင်း အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အသိပညာပေးခဲ့ ကြကြောင်း သိရသည်။

ပင်လောင်းမြို့နယ်အတွင်း အဆိုပါ Local Semi-lockdown ကာလအား နိုဝင်ဘာလ (၁)ရက်နေ့မှ နိုဝင်ဘာလ(၁၄)ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။

ထွန်းလင်း(ပင်လောင်း)