ကော့သောင်းမြို့၊ မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့မှ အခြေခံပညာကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လက်သန့်ဆေးရည်ထည့် ခြေနင်းစင်များလိုက်လံလှူဒါန်း

ကော့သောင်း  သြဂုတ် ၁၉

ကော့သောင်းမြို့၊ မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့ အထက(၁)ကျောင်းသားဟောင်းများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းသုံးပစ္စည်းဖြစ်သည့် လက်သန့်ဆေးရည်ထည့်ခြေနင်းလက်ဆေးစင်များနှင့် လက်သန့်ဆေးရည်များအား ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာအထက်တန်း၊ အထက်တန်းကျောင်းခွဲများနှင့် အလယ်တန်းကျောင်းများသို့ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်အပြီး အလယ်တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ပညာသင်ကြားကြမည့်ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရန် ရည်ရွယ်ကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ယနေ့လှူဒါန်းမှုအဖြစ် ကော့သောင်းမြို့ပေါ် ရပ်ကွက်များနှင့်ကျေးရွာတစ်ချို့မှ ကျောင်းများဖြစ်သည့် အထက(၁)၊ အထက(၂)၊ အထက(၃)အေးရိပ်ငြိမ်၊ အလကခွဲ-အေးရိပ်ငြိမ်(၁) ၊အထကခွဲ(ရွှေပြည်သာ)၊ အထက(ဆယ်မိုင်) ၊ အထက(ခွဲ)(ရွှေမင်းဝံ)၊ အလက(ခွဲ)ဘုရင့်နောင်၊ အထက(ခွဲ)အဏ္ဏဝါ(၁)၊ အလက(၃)ရွှေဟင်္သာကျောင်းများသို့ လိုက်လံလှူဒါန်းခြင်းဖြစ်ကြောင်း ကျောင်းသားဟောင်းများအဖွဲ့မှ တာဝန်ခံကိုကျော်စိုးမိုး ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့ ကော့သောင်း၊ အထက(၁)ကျောင်းသားဟောင်းများမှ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ကျန်ရှိသည့် အခြေခံပညာ အထက်တန်းနှင့်အလယ်တန်းအဆင့် ကျောင်းများသို့လည်း ကျောင်းသား၊ကျောင်းသူများ ကျောင်းအတွင်းမကြာခဏ လက်ဆေးနိုင်ရေး ရေမလိုလက်သန့် ဆေးရည်ထည့် ခြေနင်းလက်ဆေးစင်များ နှင့် လက်သန့်ဆေးရည်များအား ထပ်မံလိုက်လံလှူဒါန်းသွားမည်ဖြစ် ပြီး ရောဂါကာကွယ်တားဆီးရေး အသိပညာပေး မိမိက အစကာကွယ်ပါ  ဗီနိုင်း ပိုစတာများဖြင့်  အသိပညာပေးလုပ်ငန်းများကို လည်း ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြ မည်ဖြစ်ကြောင်းလည်းသိရသည်။

ကျော်စိုး (ကော့သောင်း)