အခြေခံပညာကျောင်းများ အားလုံး အပတ်စဉ် စနေနေ့တိုင်း ကျောင်းများဖွင့်မည်

မိုင်းကိုင် နိုဝင်ဘာ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ဖွင့်လှစ်လျက်ရှိသော အခြေခံပညာ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စာသင်ချိန် ပိုမိုရရှိနိုင်ရန်အတွက်  မနက်ဖြန်မှ စတင်၍  စနေနေ့အပတ်တိုင်း  ကျောင်းများ ဖွင့်လှစ် သွားမည် ဖြစ်သည်။

ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေး ကာလအတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းများကို  ဇူလိုင်လ ၉ ရက်နေ့မှစ၍  အောက်တိုဘာလ  ၃၁ ရက်နေ့အထိ  ယာယီပိတ် ထားခဲ့ရသည့်အတွက်  ကျောင်းသား/ကျောင်းသူများ၏  စာသင်ချိန် လျော့နည်းသွားသဖြင့်  ကလေးများ စာသင်ချိန် ပိုမိုရရှိရန်အတွက် စနေနေ့တိုင်းကို ကျောင်းဖွင့်ရက်အဖြစ် သတ်မှတ်ကာ အစားထိုး၍  သင်ကြားပေးနိုင်ရေး ရှမ်းပြည်နယ် ပညာရေးမှူးရုံးမှ  အကြောင်းကြားလာသဖြင့် ကျောင်းများ ဆက်လက်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ပညာရေး ဌာနမှ  တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သို့ဖြစ်၍  မိုင်းကိုင်မြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းများအားလုံးသည် နိုဝင်ဘာလ ၆ ရက်နေ့မှစ၍ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ တစ်ပတ်လျှင် ကျောင်းတက်ရက် ၆ ရက်ဖြင့် အပတ်စဉ် စနေနေ့တိုင်းတွင်လည်း ကျောင်းများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ချော(မိုင်းကိုင်)