ဒေသဖွံ့ဖြိုးရေး လုပ်ငန်းနှင့် အောက်ဆီဂျင် စက်ရုံတည်ဆောက်ပြီးစီးမှု ညှိနှိုင်း အစည်းအဝေးပြုလုပ်

မိုင်းနောင် နို၀င်ဘာ ၆

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း လျာထားချက်များ၊ ကျေးသီးမြို့နယ် အောက်ဆီဂျင် စက်ရုံတည်ဆောက် ပြီးစီးမှုနှင့် လိုအပ်ချက်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၂)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ စစ်ဦးစီး(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ဇော်ညိုမင်းမှ မိုင်းနောင် မြို့အတွင်း လိုအပ်လျက်ရှိသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းနှင့် ပတ်သက်သည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ ကျေးသီးမြို့နယ် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီ၀င်များက စက်ရုံတည်ဆောက်ပြီးစီးမှု အခြေအနေများအား မြန်မာ/ရှမ်း (နှစ်ဘာသာ)ဖြင့် ဖြည့်စွက် ဆွေးနွေးရှင်းလင်းခြင်း၊ ကျေးသီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထူးထက်က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အောက်ဆီဂျင် စက်ရုံအတွက် ထပ်မံလိုအပ်လျက်ရှိသည့် ကိစ္စများ အဆင်ပြေအောင်မြင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် အကြံပြု ဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၂)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ စစ်ဦးစီး(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ဇော်ညိုမင်း၊ ကျေးသီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်နှင့် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီ၀င်များ၊ မိုင်းနောင်မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)