ကျောက်မဲ နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရှိ မင်္ဂလာဈေးအတွင်း ဈေးရောင်းချသူများနှင့် ရွှေဖီဦး၊ ပတ္တမြားလမ်းရှိ နံနက်ခင်း ဈေးများ၌ ဈေးရောင်းချနေသည့် ပျံကျဈေးသည်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ကို RDT Test Kit ဖြင့် အဆိုပါမင်္ဂလာဈေး၌ ယနေ့နံနက် ၈ နာရီ အချိန်က အခမဲ့စစ်ဆေးပေးခဲ့ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ဈေးရောင်းချသူများမှတဆင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရည်ရွယ်၍ မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ၏ အစီအစဉ်ဖြင့် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့တွင် ဈေးရောင်းချသူ ၂၄၄ ဦးကို စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ မရှိကြောင်း သိရသည်။ အလားတူ အောက်တိုဘာ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ ဗဟိုဈေးကြီး အတွင်း ဈေးရောင်းချနေသူ ၃၈၃ ဦးအား စစ်ဆေးခဲ့ရာ ကိုဗစ် ၁၉ ရောဂါပိုး ဖြစ်ပွားသူ ၂ ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေက ကွင်းဆင်း ကြည့်ရှုပြီး ကာကွယ်ဆေးထိုးနှံခြင်း မရှိသေးသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြရန် တိုက်တွန်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)