မိုင်းဆတ်မြို့၊ မြို့မဈေးအတွင်း ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသည့် ရက်လွန်အေးခဲအသား၊ ငါးနှင့် ဒေသကြက်များ ရောင်းချမှုမရှိစေရန်ကွင်းဆင်းစစ်ဆေး

မိုင်းဆတ်  နိုဝင်ဘာ  ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ မြို့မဈေးအတွင်း ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသည့် ရက်လွန်အေးခဲအသား၊ ငါးနှင့် ဒေသကြက်များရောင်းချမှုမရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၇)နာရီက မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တို့ပူးပေါင်း၍  ရှောင်တခင်စစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးရာတွင် အသား၊ ငါးဝယ်ယူစားသုံးကြသည့် ဒေသခံပြည်သူများ စိတ်ချယုံကြည်စွာ ဝယ်ယူစားသုံးနိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ရောင်းချရေး၊ ဈေးသည်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိုးနှံရေး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးစစ်ဆေးပြီးသော ဝက်သား၊ အမဲသားများကိုသာ ရောင်းချရေး၊ သတ်မှတ်ရက်ကျော်လွန်သော အေးခဲအသား၊ ငါးနှင့် ဒေသကြက် များ လုံးဝရောင်းချမှုမရှိစေရေး၊ ဝယ်ယူစားသုံးသူများအတွက် ကျန်းမာရေးထိခိုက်စေနိုင်သော အသား၊ ငါးများ ရောင်းချမှုရှိကြောင်း စစ်ဆေးတွေ့ရှိပါက လုပ်ငန်းလိုင်စင်နှင့် ဈေးရောင်းချမှု ရပ်ဆိုင်းသည်အထိ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးအောင်သူနှင့် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦး တို့က အသိပညာပေးပြောကြားခဲ့သည်။

မြင့်မောင်(မိုင်းဆတ်)