ဟိုပန် နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ယနေ့ နံနက် (၉) နာရီ အချိန်က စတင်၍ အခြေခံပညာ အထက် တန်းကျောင်း၊ ပန်ကောက်နှင့် ရွှေဝါကျေးရွာများရှိ အခြေခံပညာ အထက်တန်းကျောင်းခ (၂)ကျောင်း နှင့် ကောင်းကော်ကျေးရွာရှိ အခြေခံ ပညာအလယ်တန်းကျောင်းများရှိ စုရပ် (၄) နေရာတွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ဟိုပန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များက ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား/သူများကို ကာကွယ် ဆေးမထိုးမီ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူခြင်း၊ အုပ်ထိန်းသူများ၏ ဆန္ဒများအားအတည်ပြုရယူခြင်း၊ အဖျား တိုင်းတာခြင်းများ ပြုလုပ်ခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးပါက မိနစ်(၃၀) နာရီဝက်ခန့် အနားယူစေခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ဟိုပန်မြို့နယ်တွင် အသက်(၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို အောက်တိုဘာ (၁၈) ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးလျက်ရှိရာ ယနေ့အချိန်အထိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ကျောင်းသူ (၃၈၆)ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံ မှ သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)