သီပေါမြို့နယ်တွင် မျိုးဆက်ပွား သားဆက်ခြား ကျန်းမာရေးအသိပညာပေးခြင်းနှင့် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စစ်ဆေးပေးခြင်းများ ပြုလုပ်ဆောင်ရွက်

သီပေါ နိုဝင်ဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အခြေပြု Merie Stopes (သီပေါရုံး)မှ  အမျိုးသမီးများ ကလေးမွေးပြီး စွန့်ပစ်ခြင်းများ မရှိစေရန်၊ မလိုလားအပ်သော ကိုယ်ဝန်မရရှိစေရန်၊ အမျိုးသမီးများကျန်းမာရေး အသိမြှင့်တင်နိုင်စေရန်နှင့် အောင်မြင် ပျော်ရွှင်သော မိသားစုဘဝများရရှိနိုင်စေရန်ရည်ရွယ်၍ မျိုးဆက်ပွား သားဆက်ခြား ကျန်းမာ ရေး အသိပညာပေး ခြင်းနှင့် သားအိမ်ခေါင်း ကင်ဆာအကြိုအဆင့် စစ်ဆေးပေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက သီပေါမြို့နယ် နောင်ကတ်ကျေးရွာ ပညာအလင်း စာကြည့်တိုက်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ သီပေါမြို့နယ်အခြေပြု Merie Stopes (သီပေါရုံး)မှ  တာဝန်ရှိသူတစ်ဦးက “မျိုးဆက်ပွား အရွယ်တွေမှာ ဖြစ်တတ်သော ရောဂါများအကြောင်းနှင့် သားဆက်ခြားခြင်း အကြောင်းများ ပြောကြားရာတွင် လိင်ဆက်ဆံရာတွင်  အကာအကွယ်ပစ္စည်းများ အသုံးပြု ရန်လိုအပ်ပါကြောင်း၊ သားဆက်ခြားခြင်းအတွက် နည်းလမ်းအမျိုးမျိုးရှိပါကြောင်း၊ ထိုနည်းလမ်းများထဲကမှ ကျွမ်းကျင် သော ဆရာဝန်နှင့်တိုင်ပင်ပြီး (Birth Control Implant) လက်မောင်းထဲထည့်ခြင်း၊ IUD(Intra Uterine Device) သားအိမ်ထဲထည့်ခြင်း သန္ဓေတား နည်းများသည် သားဆက်ခြားခြင်းကို ရာနှုန်းပြည့်နီးပါး ကာကွယ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါတားနည်းများသည် ကလေးပြန်လည်ရယူရာတွင် ကြန့်ကြာမှု မရှိပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် အဆိုပါရောဂါသည် လိင်မှတစ်ဆင့် ကူးစက်သည့်ရောဂါ ဖြစ်သောကြောင့် အိမ်ထောင်ကျပြီးသူ(သို့မဟုတ်) အိမ်ထောင်မကျသေးသော်လည်း လိင်နှင့်ဆက်စပ်မှုရှိထားသော အမျိုးသမီးများ သား  အိမ်ခေါင်းကင်ဆာရှိ/မရှိ စစ်ဆေးသင့်ပါကြောင်း၊ သားအိမ်ခေါင်းကင်ဆာ ကြိုတင် စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံရန် လုပ်ဆောင်ရမည့် နည်းလမ်းများကို ဟောပြော ဆွေးနွေးခဲ့ရာ အမျိုးသမီးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခြင်းဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စစ်ဆေး‌ပေးခြင်းကို ဆက်လက် ဆောင်ရွက်ရာ နောင်ကတ်ကျေးရွာနှင့် နားလင်းကျေးရွာရှိ  ကျေးလက်နေ အမျိုးသမီး (၃၀) ဦးအား စစ်ဆေးပေးနိုင်ခဲ့ကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာ နှင့် ပတ်သက်သည့် ကြိုတင်ကာကွယ်ဆေးကို အမျိုးသမီးငယ်များအား အသက် (၈)နှစ်မှ (၁၀)နှစ်အထိ နိုင်ငံတော် အစိုးရနှင့် ကျန်းမာရေးဝန်ကြီးဌာနက အခမဲ့ထိုးနှံပေးခဲ့ပြီး အဆိုပါ ကာကွယ်ဆေးသည် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုကို (၉၃) ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သီပေါမြို့နယ် အခြေပြု Merie Stopes (သီပေါရုံး) မှ  သိရသည်။

ခင်လေး(သီပေါပြန်/ဆက်)