မင်္ဂလာဒုံ နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုနှုန်း လျော့နည်းမှုရှိသော်လည်း ဆက်လက်ကျဆင်းစေရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ မြို့တွင်းလမ်းမကြီး၊ လမ်းသွယ်များနှင့် လူအဝင်အထွက်များသည့် နေရာတို့၌ Hand Speaker တို့ဖြင့် နှိုးဆော်ပေးခဲ့သည်။
အသိပေးနှိုးဆော်ချက်တွင် လက်ရှိအနေအထားအရ တိုင်းဒေသကြီး၊ ပြည်နယ်များအထိ ရောဂါ ကူးစက် ပြန့်ပွားမှုကို ဆက်လက်၍ ထိရောက်စွာ ဟန့်တားနိုင်ရေးနှင့် ပြည်သူလူထုအတွင်း စီးပွားရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍများ၌ ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို ပြန်လည်ရရှိစေနိုင်ရန်အတွက် မိဘပြည်သူများ အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကာကွယ်ရေးလမ်းညွှန်ချက်များကို တိကျစွာ လိုက်နာခြင်းဖြင့် အသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် နှိုးဆော်ခဲ့ ကြောင်း သိရသည်။
မင်္ဂလာဒုံ မြို့နယ်တွင် ယနေ့ နံနက်ပိုင်းထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ (၁၅၄၀၇)ဦးရှိပြီး ၊ သေဆုံးသူ(၁၀၀)ဦး ရှိပြီဖြစ်ကြောင်းနှင့် လက်ရှိပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသူ(၄၄)ဦးရှိ ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)