ဟိုပန် နိုဝင်ဘာ ၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါကူးစက်မှုနှုန်း လျော့နည်းကျဆင်းစေရန်အတွက် နှာခေါင်းစည်း (Mask)များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ရာတွင် ဟိုပန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက် ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးတင်နိုင်မိုးနှင့်အဖွဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ မြို့လယ်လမ်းဆုံ၊ ဈေးရပ်ကွက်လမ်းမ တစ်လျှောက်၊ ကောင်းဟုန်းရပ်ကွက် နှင့် ရုံးကုန်းရပ်ကွက် လမ်းများတွင် ဖြတ်သန်းသွားလာနေကြသည့် ပြည်သူများနှင့် ဈေးရောင်း၊ ဈေးဝယ်များအား နှာခေါင်းစည်း(Mask )တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ တပ်ဆင်ခြင်း မရှိသူများအား နှာခေါင်းစည်း(Mask) များ အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်ရဲစခန်းတွင် ခံဝန်ကတိ လက်မှတ်ရေးထိုးစေ၍ သတိပေးကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်၊ စည်းကမ်းချက်များအား ပြောကြားခဲ့ကြောင်း၊ စျေးဆိုင်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှသာ စျေးရောင်းချခြင်းပြုရန်၊ စျေးရောင်းသူ၊ စျေးဝယ်သူများအား နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင် ကြရန်၊ တပ်ဆင်ခြင်း မရှိပါက နောက်နောင်တွင် ဥပဒေနှင့်အညီထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ပူးပေါင်းပါဝင်ကြစေရန် တို့ကို ရှင်းလင်းပြောကြား၍ ရှောင်တခင် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့နယ်တွင် နိုဝင်ဘာလ ၄ ရက်နေ့ထိ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ(၄၈၄)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ(၄၃၈)ဦး၊ ဆေးကုသလျက်ရှိသူ(၃၄)ဦးနှင့်သေဆုံးသူ(၁၂)ဦးရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇင်ဇင် (ပြန်/ဆက်)