ကန်ပိုက်တီနယ်စပ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျရေနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် Quarantine အဆောင်များ ပျက်စီးခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်မှုဖြစ်ပွား

မြစ်ကြီးနား  သြဂုတ်  ၁၉

ကချင်ပြည်နယ်အတွင်း သြဂုတ် ၁၅ ရက်နေ့မှစတင်၍ မိုးသည်းထန်စွာအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်- ဆဒုံး- ကန်ပိုက်တီလမ်းကြောင်းတွင် မြေပြိုမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သောကြောင့် ယမန်နေ့တွင် လမ်းပန်း ဆက်သွယ်ရေးလမ်းကြောင်းများ ယာယီပြတ်တောက်လျက်ရှိနေပြီး ကန်ပိုက်တီ နယ်စပ်မြို့တွင် ဖွင့်လှစ်ထားသော Quarantine အဆောင်များ ပျက်စီးမှုဖြစ် ပွားခဲ့ကြောင်း မြို့အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကန်ပိုက်တီမြို့၊ အမှတ် (၂) ရပ်ကွက်၊ မြန်မာ-တရုတ် လမ်းမကြီးဘေးတွင် တစ်ဖက်နိုင်ငံမှ ဝင်ရောက်လာသော မြန်မာနိုင်ငံသားများအား Quarantine ထားရှိသည့် နေရာ၏ တောင်ကမ်းပါးရုံ အမြင့်ပေ ၇၀၀ ခန့်မှ အလျား ၄၀ ပေ၊ အနံ ၂၀ ပေခန့် မြေသားထု ပြိုကျမှုဖြစ်ပွားခဲ့ကာ Quarantine ဝင်ရောက်နေသူများကို ယာယီရွှေ့ပြောင်းပေးထားခဲ့ရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြို့အုပ်ချုပ်ရေး ဦးမင်းမင်းလတ်က “သြဂုတ် ၁၆ ရက်နေ့ကစပြီး မိုးအဆက်မပြတ် တစ်နေကုန်ရွာခဲ့တော့ မြို့ထဲမှာလဲ လမ်းက တောင်ကျရေတွေနဲ့ တောင်ပြိုမှုတွေနဲ့ ပိတ်နေတယ်၊ Quarantine ထားတဲ့နေရာမှာ မြေပြိုမှုဖြစ်ပွားတဲ့အတွက် ကျွန်တော်တို့ဌာနဆိုင်ရာအစုအဖွဲ့တွေက ပြိုကျပျက်စီးမှုတွေအပေါ် ရှင်းလင်းရေးလုပ်ငန်းတွေ၊ တောင်ကျရေပိတ်ဆို့မှု မရှိအောင် လမ်းလွှဲမှုတွေ၊ လျှပ်စစ်မီးကြိုး ပြတ်ကျမှုတွေကို ချက်ချင်းရှင်းလင်းဆောင်ရွက်ခဲ့ရပါတယ်၊ Quarantine ထားတဲ့ သူတွေကိုတော့ သူတို့အတွက် အဝတ်အစား ဆုံးရှုံးမှု၊ အစားအသောက်ကအစ ပြည်နယ်အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ ဝယ်ယူ ဖြည့်ဆည်းပေးပြီး ဘုန်းတော်ကြီးကျောင်းမှာ ယာယီရွှေ့ပြောင်းစီစဉ်ပေးထားပါတယ်၊ ဒီသဘာဝဘေးကြောင့် ဆက်သွယ်ရေးလိုင်း တွေနဲ့ လျှပ်စစ်မီးတွေ ပျက်သွားတဲ့အပြင် လမ်းပန်းဆက်သွယ်ရေးပါ ပြတ်တောက်သွားပါတယ်” ဟု ရှင်းပြသည်။

အဆိုပါ မြေပြိုမှုဖြစ်စဉ်တွင် Quarantine ဝင်ရောက်နေသူ အမျိုးသားဆောင်ရှိ အမျိုးသား (၁၆) ဦးမှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ကြသော်လည်း မိုးများပြီး မြေပြိုမှုဖြစ်စဉ် ဆက်လက်ဖြစ်လာနိုင်သည့်အတွက် Quarantine ဝင်ရောက်နေသူ အမျိုးသား (၁၆) ဦးနှင့် အမျိုးသမီး (၁၀) ဦးတို့အား အမှတ် (၁) ရပ်ကွက်ရှိ ရောင်နီဦး ဘုန်းတော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့ နေရာချထားပေးခဲ့ခြင်းဖြစ်‌ကြောင်းနှင့် လူတစ်ဦး တောင်ကျရေဖြင့် မျှောပါသေဆုံးခဲ့ကြောင်း သိရှိရသည်။ 

အလားတူ ကန်ပိုက်တီမြို့တွင် စီးဆင်းလျက်ရှိသော နမ့်လန်ချောင်းမှာ မိုးများပြီး တောင်ကျရေ စီးဆင်းမှုနှင့် အမှတ် (၂) ရပ်ကွက်ရှိ စက်သုံးဆီအ‌ရောင်းဆိုင်အနီးတွင်လည်း မြေပြိုကျမှုဖြစ်ပွားခဲ့သဖြင့် မော်တော်ယာဉ်များ ဖြတ်သန်းမောင်းနှင် နိုင်ခြင်းမရှိသဖြင့် အသွားအလာ ပြတ်တောက်လျက်ရှိကြောင်းနှင့် ကန်ပိုက်တီ-ဆဒုံးသွား လမ်းပေါ်တွင်လည်း မြေပြိုမှုဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး ကန်ပိုက်တီမြို့၊ ဝေါ့ချုံး ကျေးရွာအုပ်စု၊ ဝေမိုးကျေးရွာနှင့် အောက်ဘာလွန်‌ကျေးရွာတို့ရှိ မိုင်တိုင် ၁၀၃/၁၀၄ ကြားနှင့် မိုင်တိုင် ၁၀၄/၁၀၅ ကြားတွင် အလျား ပေ ၁၀၀ နှင့် အနံ ပေ ၃၀ မြေလွှာပြတ်ကျမှု ဖြစ်ပွားခဲ့သဖြင့် အဆိုပါနေရာ၌ တစ်ဘက်တွင် တောင်နံရံနှင့် အခြားတစ်ဘက်တွင် ချောက်ကမ်းပါးယံသာရှိ၍ တံတားထိုးအသုံးပြုနိုင်မှုသာ သွားလာနိုင်မည်ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။

မျိုးမြင့်စိုး (ပြည်နယ်ပြန်/ဆက်)