ရှမ်းရွာသစ်မြို့ Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

ရှမ်းရွာသစ်    ဩဂုတ် ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသနေပြည်သူများ စာဖတ်သည့်အလေ့အကျင့် ရှိစေရန်၊ အပြန်အလှန်ပါဝင်ဆွေးနွေးတတ်ပြီး တစ်ဦးနှင့်တစ်ဦး အသိပညာချင်းဖလှယ်တတ်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး ဒေသခံလူငယ်များနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင်ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့ဦးစီးမှူး ဒေါ်အေးအေးနွဲ့က လူငယ်များအနေဖြင့် စာဖတ်စွမ်းရည်၊ အပြောစွမ်းရည်နှင့် အစုအဖွဲ့အတွင်း အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ရှိစေရန်နှင့် အပြန်အလှန်မေးမြန်းဖြေကြားတတ်သည့် အလေ့အထများဖြစ်ပေါ်လာစေရေး လေ့ကျင့်ပျိုးထောင်ပေးခြင်း ဖြစ်ပါကြောင်း ကိုဗစ်-၁၉ရောဂါကြောင့် စာဖတ်ဝိုင်းကို ရပ်နားထားရာမှ ယခုလမှစ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီပြန်လည်၍ စတင်ပြုလုပ်သွားမည်ဖြစ်ပါကြောင်းစသည်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ ဦးရဲလင်းနောင်နှင့် ဦးစည်သူမျိုးတို့က စာရေးဆရာမကြူကြူသင်းရေးသားသော "ဤမှန်သောသစ္စာစကားကြောင့်"စာအုပ်တွင် ပါဝင်သောအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော စာပေချစ်သူများကလည်း မိမိတို့သိရှိလိုသောအကြောင်းအရာများကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)