လိပ်သိုမြို့၊ သံမိုးတောင်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

လိပ်သို ဩဂုတ် ၁၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ သံမိုးတောင်ကျေးရွာအုပ်စုရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန့်နေ့နံနက်ပိုင်းက သံမိုးတောင်ကျေးရွာရှိ ပညာ့အလင်း စာကြည့်တိုက်တွင် သံတောင်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် သံမိုးတောင်ကျေးရွာနှင့် သံမိုးတောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသည့် ပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း၊ အသက် ၁၈ နှင့် ၃၅ နှစ် ကျော်လွန်ပြီးသော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လဲလှယ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ပျက်သည့်ပြည်သူများအား အသစ်တစ်ဖန်ပြန်လည်ထုတ်ပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သံမိုးတောင်ကျေးရွာရှိ အိမ်ထောင်စုပေါင်း  ၁၆၈ စုမှ ပြည်သူများနှင့် သံမိုးတောင်ကျေးရွာအုပ်စုအတွင်းရှိ  ပြည်သူများအား နိုင်ငံသားစိစစ်ရေးကဒ်ပြားများထုတ်ပေးနိုင်ရန် လိုအပ်သည်များကို သံတောင်ကြီးမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများကိုယ်တိုင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နွယ်နွယ်ခိုင်(ပြန်/ဆက်)