နမ္မတူ ဩဂုတ် ၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှု ဝန်ထမ်းဦးစီးဌာနရုံးမှ၊ ကြူဆော့ (IDP)စခန်းခန်းမ၌ ဇွန်လ (၁၀)ရက်နေ့မှ ဇူလိုင်လ (၁၀)ရက်နေ့အထိ အချိန် (၁)လ အကြာ ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့် စက်ချုပ်သင်တန်းသို့ တက်ရောက်ခဲ့သော ကြူဆော့ (IDP)စခန်း၊ ကချင် (IDP)စခန်း၊ လီဆူး (IDP)စခန်းတို့မှ သင်တန်းသူ (၁၂)ဦးအား စိမ်းလမ်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD)မှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ထောက်ပံ့ငွေများ ပေးအပ် ခြင်းကို ယမန်နေ့ ညနေ (၅)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP) စခန်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ရှေ့ဦးစွာ နမ္မတူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝေထွန်းအောင်က အမှာစကားပြောကြားပြီး၊ စိမ်းလမ်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD)မှ ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းက ထောက်ပံငွေများအား အသုံးပြုကာ မိသားစုစီးပွားရေးကို လုပ်ဆောင်လာနိုင်စေရန်၊ ရရှိထားသော ထောက်ပံ့ငွေများအား အမှန်တစ်ကယ် စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရာတွင် အသုံးပြုရန်၊ မိသားစု၏ စီးပွားရေးလုပ်ငန်းများအား ပိုမိုလုပ်ကိုင် လာနိုင်ပြီး မိသားစုဝင်ငွေတိုးလာစေရန်၊ အမျိုးသမီးပါဝင်မှု အားကောင်းလာစေရန်၊ စွမ်းဆောင်ရည်မြင့်တင် လာစေရန်၊ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးမှု အသိပညာများအား လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊ အသင်း အဖွဲ့ဖြင့် လုပ်ဆောင်တတ် စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ စိတ်တူကိုယ်တူ၊ ကိုယ်ထူကိုယ်ထ အဖွဲ့များ ဖြစ်လာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ထောက်ပံ့ငွေ များ ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝေထွန်းအောင်၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်း၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်မြတ်သူနှင်း၊ မြို့နယ် တိုက်ပွဲရှောင် စီမံခန့်ခွဲမှုကော်မတီမှ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်နှင့် စိမ်းလမ်းဘဝ လူမှု ဖွံ့ဖြိုးမှုအဖွဲ့ (GLAD)မှ ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းတို့က စိမ်းလမ်းဘဝဖွံ့ဖြိုးမှုအဖွဲ့ (GLAD) မှ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု ထောက်ပံ့ငွေ တစ်ဦးလျှင် (၂၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း သင်တန်းသူ (၁၂)ဦး အတွက် (၂၇၆၀၀၀၀) ကျပ်အား အသီးသီး လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
၎င်းနောက် နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP)စခန်း၊ ကချင် (IDP)စခန်း၊ လီဆူး (IDP)စခန်းတို့မှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ထောက်ပံ့ငွေရရှိသည့် သင်တန်းသူ (၁၂)ဦး ကိုယ်စား နမ္မတူမြို့နယ် တိုက်ပွဲရှောင် စီမံခန့်ခွဲမှု ကော်မတီမှ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့် က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)