ကျောက်ဆည် ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောက်ဆည်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသက်ထွန်းက ပထမအကြိမ် မဲစာရင်းများကြေညာရာတွင် ပုံစံ(၃)ဖြင့် မဲစာရင်းများ ထည့်သွင်းခြင်း၊ ပုံစံ(၄) ဖြင့် ကန့်ကွက်လွှာလျှောက်ထားခြင်း၊ ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာလျှောက်ထားခြင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များက ဩဂုတ်လ (၁၉) ရက်နေ့မှ စက်တင်ဘာလ (၁) ရက်နေ့အတွင်း ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကြေညာရာတွင် ပြည့်စုံမှန်ကန်မှုရှိစေရေး စိစစ်ခြင်းလုပ်ငန်းများကို ပြီးစီးအောင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နွဲ့နွဲ့ခိုင်က လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက တင်ပြလျှောက်ထားလာသော ပုံစံ(၃) ဖြင့် လျှောက်ထားလာသူ (၄၀၂၈)ဦး၊ ပုံစံ(၄)ဖြင့် လျှောက်ထားလာသူ (၂၈၁၅) ဦး၊ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားလာသူ (၁၆၁၀၅) ဦးရှိရာ မဲစာရင်းတွင် ထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရေး ဆွေးနွေးရာ တက်ရောက်လာသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက မိမိတို့ တာဝန်ကျနယ်မြေများတွင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)