ရန်ကုန် သြဂုတ် ၁၉
တာမွေမြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအား အရင်း အမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသည် ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်အတွင်းရှိ မအူကုန်း ရပ်ကွက်၊ ပုဏ္ဏားကုန်းရပ်ကွက်၊ မေတ္တာညွန့်ရပ်ကွက်နှင့် နတ်ချောင်းရပ်ကွက်များသို့ ကွင်းဆင်း၍ အာဟာရ ရက်သတ္တ ပတ် လှုပ်ရှားမှုအနေဖြင့် အသက်(၅)နှစ်အောက် ကလေးငယ်များအား သံချဆေးနှင့် (Vitamin A) ဆေးများ တိုက်ကျွေး ပေးခဲ့ကြကြောင်း သိရသည်။
"အခုလို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတွေအနေနဲ့ မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် ကွင်းဆင်း၍ ကလေးသူငယ်တွေရဲ့ ကျန်းမာရေးနှင့် ပတ်သက်ပြီး စောင့်ရှောက်မှု လုပ်ငန်းတွေ ဆောင်ရွက်ပေးတဲ့အတွက် ကလေးမိဘတစ်ဦးအနေနဲ့ အများကြီး ကျေးဇူးတင်ရှိပါတယ်။ ယခုလို ကျန်းမာရေးစောင့်ရှောက်မှုများမှတစ်ဆင့် ကလေး သူငယ်များတွင် သံကောင်၊ တုတ်ကောင်များကြောင့် ဖြစ်ပေါ်တတ်သည့်ရောဂါများ အပါအဝင် အခြားသော ကူးစက် ရောဂါများမှ ကင်းဝေးပြီး ကျန်းမာသန်စွမ်းတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ပေါ်ထွန်းလာမည်ဖြစ်လို့ ပြည်သူ့ ကျန်းမာ ရေး ဦးစီးဌာနကို အထူးပင် ကျေးဇူးတင်ရှိကြောင်းကို ကလေးမိဘ တစ်ဦးမှ ပြောကြားခဲ့ပါသည်။
အဆိုပါ အသက်(၅)နှစ်အောက် ကလေးငယ်များအား အာဟာရ ရက်သတ္တပတ် လှုပ်ရှားမှုအနေဖြင့် သံချဆေးနှင့် (Vitamin A) ဆေးများ တိုက်ကျွေးခြင်းကို တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အခြေခံ ကျန်းမာရေး ပညာရှင်များ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
မို့မို့အောင်(ပြန်/ဆက်)