တောင်ကြီး သြဂုတ် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ထိန်သာဟိုတယ်၌ နံနက်(၉) နာရီခွဲက ကမ်းလမ်း မေတ္တာဖွံ့ဖြိုးရေး အဖွဲ့အစည်းနှင့် အာရှဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အိမ်တွင်း အကြမ်းဖက်မှု များလျှော့ချရေး သင်တန်းဖွင့်လှစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်စဝ်ဟေမာသိုက်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ တက်ရောက် လာကြသူများက တစ်ဦးချင်း မိတ်ဆက် ကြပြီး ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြူကြူဇော်မှ ရှေးဦးအရွယ် ကလေး သူငယ် ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း၊ လူငယ် ဖွံ့ဖြိုးရေးလုပ်ငန်း၊ အမျိုးသမီးဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း၊ သက်ကြီးရွယ်အို ဘဝ မြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း ၊ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး လုပ်ငန်း၊ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ အိမ်တွင်း အကြမ်းဖက်မှုအမျိုးအစား၊ အိမ်တွင်း အကြမ်း ဖက်မှုဥပဒေ စသည့် ခေါင်းစဉ်များဖြင့် ပို့ချသွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြား သည်။
အိမ်တွင်းအကြမ်းဖက်မှုလျှော့ချရေး သင်တန်းနှင့် ပတ်သက်၍ ကမ်းလမ်းမေတ္တာဖွံ့ဖြိုးရေး အဖွဲ့အစည်းတာဝန်ခံ ဒေါ်ကိန္နရီ အား တွေ့ဆုံမေးမြန်းရာတွင် ‘ COVID-19 ကာလအတွင်း အလုပ်အကိုင်များ ရပ်နားထားရသည့်အတွက် အိမ်တွင်းမိသားစု အဆင်မပြေမှုများ ကြုံတွေ့ နေရပြီး ဘယ်လိုပုံစံဖြင့် ကိုင်တွယ်ဖြေရှင်းမယ်၊ အိမ်တွင်း အကြမ်းဖက်မှုကိုလျှော့ချ နိုင်ရန် မည်ကဲ့သို့ ဆောင်ရွက်မယ် ဆိုတာတွေအပြင် အမျိုးသမီးများအဖွဲ့ဖြင့် ရပ်ရွာအတွင်းမှာ ဘာကြောင့် ပြဿနာဖြစ်နေ တယ်ဆိုတာ ဖြေရှင်းဖို့ ချိတ်ဆက်မိကြမယ်၊ အိမ်တွင်း အကြမ်းဖက်မှု ဖြစ်ပါက ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်တဲ့အတွက် ဒီသင်တန်းကို ဖွင့်ရခြင်း ဖြစ်ပါတယ် ။ ဒီသင်တန်းကို အာရှဖောင်ဒေးရှင်းနှင့် ပထမဆုံး ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး အိမ်တွင်းအကြမ်းဖက်မှုဟာ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်အုပ်ချုပ်ရေးမှူးတို့နဲ့ ဦးစွာတွေ့ရှိ ရပါတယ်၊ ဒီသင်တန်းကိုတော့ COVID-19 ကာလမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ တောင်ကြီးမြို့ မှာဘဲဖွင့်ပါတယ်။ ကျွန်မအနေဖြင့် ဖြည့်စွက် ပြောချင် တာက အိမ်တွင်းအကြမ်း ဖက်မှု မှာ အမျိုးသားရော အမျိုးသမီးပါ အကောင်းဆုံး အပြုသဘော ဆောင် သည့် လက္ခဏာကို ဖော်ဆောင်မှသာ အိမ်တွင်း အေးချမ်းမှာဖြစ်ပါတယ်’ ဟု ပြောကြားသည်။
အဆိုပါသင်တန်းကို သြဂုတ်(၁၉)ရက်မှ(၂၀)ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ရပ်ကွက်များမှ ရာအိမ်မှူးများ(၃၀)ခန့် တက်ရောက်ကြမည်ဖြစ်ကြောင်း ၊ တောင်ကြီးတက္ကသိုလ် ဥပဒေ ပညာဌာနမှ ဥပဒေအရာရှိ ပါမောက္ခဒေါက်တာယဉ်ယဉ်ဝင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြူကြူဇော်တို့မှ ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)