ဝိုင်းမော်မြို့နယ်တွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမဲဆန္ဒရှင် စာရင်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဝိုင်းမော် ဩဂုတ် ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်ထွန်းက မဲဆန္ဒရှင်စာရင်း ပြုစုရာတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း ပထမအကြိမ် ဇူလိုင်လ(၂၅) ရက်နေ့မှ ဩဂုတ်လ (၁၄)ရက်နေ့အထိ ကပ်ထားကြေညာပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲကြီးကို နိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ ပွင့်လင်း မြင်သာစွာ ကျင်းပပြုလုပ်မည် ဖြစ်သည့်အတွက် ရွေးကောက်တင်မြှောက်ခြင်း လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ အငြင်းပွားမှုနှင့် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်မီညှိနှိုင်း ဖြေရှင်းနိုင်ရေးအတွက် မြို့နယ်အတွင်း ဩဇာတိက္ကမရှိပြီး အများ ယုံကြည် လေးစားသူ၊ ပါတီနိုင်ငံရေး ကင်းရှင်းသူ (၅)ဦးကို ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များအဖြစ် ဖွဲ့စည်းခြင်း၊ ဝိုင်းမော်မြို့နယ် မဲဆန္ဒရှင်စာရင်း စိစစ်ရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်းတာဝန် ပေးအပ်ခြင်းနှင့် မြို့နယ်အတွင်းရှိ ဆက်သွယ်မှုမရသော မဲရုံများ၏ ဆောင်ရွက်နိုင်မှု အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသော မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များအား အထွေထွေရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေစာအုပ်များ ပေးအပ်ခဲ့သည်။

ဆောင်းလေး(ပြန်/ဆက်)