ချီဖွေ ဩဂုတ် ၁၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ အရပ်ဘက်မှ ရွေးချယ်သော မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်(၃)ဦး ရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ချီဖွေမြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွှန့်ဆွေက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးဇောင်းရယ်က လက်ရှိ ကော်မတီသက်တမ်း (၃)နှစ်ပြည့်ပြီး ဖြစ်သောကြောင့် ကော်မတီအသစ် ပြန်လည် ရွေးချယ်ရခြင်း ဖြစ်ပါကြောင်း၊ ကော်မတီဖွဲ့စည်းခြင်း၊ ရွေးချယ်ခြင်းများ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ တက်ရောက်လာသော မြို့မိ/မြို့ဖများ၊ လူမှုရေး (သို့မဟုတ်) စီးပွားရေး အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ လုပ်ငန်းအလိုက် ကျွမ်းကျင်ပညာရှင် ပညာအခြေပြု အဖွဲ့အစည်း တို့က ထောက်ခံတင်ပြထားသည့် အမည်စာရင်း အသီးသီးမှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၃)ဦးကို လုပ်ထုံး လုပ်နည်း နှင့်အညီ ရွေးချယ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရွေးချယ်ခြင်း လုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊ ကြီးကြပ်ရေးအဖွဲ့၊ ရွေးချယ်ခံ ကိုယ်စားလှယ်များ၊ မြို့မိ/မြို့ဖများ စုစုပေါင်း (၁၉)ဦး တက်ရောက်ကာ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ရွေးချယ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇင်မာဝင်း (ပြန်/ဆက်)