ခေါင်လန်ဖူးမြို့နယ်၌ ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ နှစ်ဦး အားဂုဏ်ပြုဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ခေါင်လန်ဖူး  ဩဂုတ် ၁၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ကိုးနှစ်ဆက်တိုက် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူ မရှိခဲ့ရာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူနှစ်ဦးအား ဂုဏ်ပြုဆု ချီးမြင့်ပွဲ အခမ်းအနားကို အထက(ခေါင်လန်ဖူး)တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က  ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဂုဏ်ပြုဆုချီးမြှင့်ပွဲ ပြုလုပ်ပေးရခြင်း နှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူးဦးစိုးနီ၊ ခလရ(၄၆) ဒုတပ်ရင်းမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး တို့က အမှာစကား အသီးသီး ပြောကြားခဲ့သည်။

ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲဖြင့် အောင်မြင်သူ အထက(ဇန်ယော့)မှ မောင်ရဲရွှေနှင့် အထက(ခေါင်လန်ဖူး)မှ မဒဟမ်ဂင်းတို့အား မြို့နယ်ပညာရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်‌‌လောင်းနှင့် ဂုဏ်ပြုဆုချီးမြှင့်သူ ရပ်မိရပ်ဖများက ဂုဏ်ပြု လက်ဆောင်ဆုများကို အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)