ရှင်ဗွေယန်မြို့အထွက် (၉) မိုင် တောင်ကြားလမ်းတွင် တောင်ကမ်းပါးပြိုကျမှု ဖြစ်ပွား

ရှင်ဗွေယန်  သြဂုတ်  ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့နှင့် (၉) မိုင်ခန့်အကွာ လီဒိုလမ်းမကြီး ရှင်ဗွေယန်-နန်းယွန်း တောင်ပေါ်တက်ရာ လမ်းတွင် ယမန်နေ့နံနက် (၁၀) နာရီက တောင်မြေကမ်းပါး ပြိုကျမှု ဖြစ်ပွားခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း (228 km နှင့် 229 km) ကြားတွင် အလျား (၁၅) ပေ၊ အနံ (၁၀) ပေ၊ အမြင့် (၁၀) ပေခန့် တောင်ကမ်းပါးပြိုကျခဲ့ရာ၌ လီဒိုလမ်းမကြီး ရှင်ဗွေယန်-နန်းယွန်း တောင်တက်လမ်း​ကြောင်း ပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် Loader (၁) စီးဖြင့် တောင်ကမ်းပါးပြိုကျခဲ့ရာ မြေသားများကို ရှင်ဗွေယန်မြို့ လမ်းဦးစီးဌာနမှ ဖယ်ရှား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်ကမ်းပါးပြိုကျမှုကြောင့် လူနှင့်မော်တော်ယာဉ်များ ထိခိုက် ရှုံးဆုံးမှုမရှိကြောင်း သိရှိရသည်။

လင်းသွယ်ဦး(မြို့ ပြန်/ဆက်)