တောင်ကြီး အောက်တိုဘာ ၂၂
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ ရပ်စောက်မြို့နယ် ဦးစီးမှူးရုံးများမှ “ပန်းခင်း” စီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မြန်မာနိုင်ငံအတွင်း နေထိုင်ကြ သော တိုင်းရင်းသားများ နှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “ပန်းခင်း” ဟူသော စီမံချက်နှင့် ၂၀၂၁ ခုနှစ် မေလ(၃)ရက်မှ စတင်ပြီး တစ်နိုင်ငံလုံးတွင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေး ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်စေရန် ဥပဒေနှင့်အညီ တတ်နိုင်သမျှ ဖြေလျော့ပြီး “ပန်းခင်း” စီမံချက်နှင့် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် တောင်ကြီးမြို့နယ်ရုံးကို လာရောက်ဆောင်ရွက်ရသည့် ကိစ္စတစ်ခုကို အဆင်ပြေချောမွေ့စွာဖြင့် ငွေကြေးကုန်ကျမှုသက်သာပြီး ကိုယ့်ဒေသတွင် လုပ်ငန်းခွင် အလုပ်အကိုင်မပျက် နိုင်ငံသား စိစစ်ရေး ကတ်ပြားများရရှိသည့်အတွက် ဝမ်းသာစရာဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိသည့် မြန်မာနိုင်ငံသားများကလည်း နိုင်ငံသားအခွင့်အရေးကို အပြည့်အဝ ရရှိခံစားနိုင်မှာဖြစ်ပြီး နိုင်ငံသားတစ်ယောက်၏ တာဝန်နှင့် နိုင်ငံအပေါ် သစ္စာ စောင့်သိရန်လည်း လိုအပ်ပါကြောင်း၊ ရရှိပြီးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းကြရန် ပြောကြားသည်။
ဆက်လက်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက တောင်ကြီးမြို့နယ် မိုင်းသော်အရှေ့ ကျေးရွာ အုပ်စုနှင့် အောင်သပြေရပ်ကွက်၊ နန်းဟောင်း ကျေးရွာ အုပ်စုတို့ကို ပေးအပ်ရာ ကိုယ်စားလှယ်တစ်ဦးစီမှ လက်ခံရယူ၍လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်က တောင်ကြီးမြို့နယ် ထီဖောင်းကျေးရွာအုပ်စု၊ အေးသာယာရပ်ကွက်တို့ကို ပေးအပ်ရာ ကိုယ်စားလှယ် တစ်ဦးစီမှ လက်ခံရယူ၍လည်းကောင်း၊ ညောင်ရွှေမြို့နယ် တိလောကျေးရွာအုပ်စု၊ ရေပူကျေးရွာအုပ်စု၊ စံကားကျေးရွာအုပ်စု၊ ကလောမြို့နယ် ဘော်နင်းကျေးရွာအုပ်စု၊ ရပ်စောက်မြို့နယ် ပါမဲကျေးရွာအုပ်စုနှင့် ဟွှေးကျေးရွာအုပ်စုနှင့် ကောင်းဘို့ကျေးရွာအုပ်စုတို့ကို ပြည်နယ် ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့မှ ပေးအပ်ရာ ကိုယ်စားလှယ်အသီးသီးမှ လက်ခံရယူကြပြီး အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးမှုအား ဒေသခံများကိုယ်စား ထီဖောင်းကျေးရွာအုပ်စု ဦးခွန်သန်းဝင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
အဆိုပါ တောင်ကြီးခရိုင် တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ ရပ်စောက်မြို့နယ်များ၏ “ပန်းခင်း” စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ ယနေ့အခမ်းအနားတွင် အိမ်ထောင်စု လူဦးရေစာရင်း (၃၁၀)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၀၃၀) ကတ်အား ဆောင်ရွက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)