ရန်ကုန် သြဂုတ် ၁၈
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြု ဗဟိုဌာန(ဗဟန်း)တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ အစည်းအဝေး (၃/၂၀၂၀)ကို ယနေ့ နေ့လယ် (၁) နာရီက ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဦးဇော်အေးမောင် တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေ က စာကြည့်တိုက်နည်းဥပဒေ ပြဌာန်းရေးကိစ္စအတွက် ကြန့်ကြာသည့် ကိစ္စများကို ရှင်းလင်းတင်ပြပြီး မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီများ ဖွဲ့စည်းရေးကိစ္စတို့ကို ဆွေးနွေးညှိနှိုင်းကြသည်။
ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများက ခွဲဝေရရှိသော ရန်ပုံငွေကိစ္စ ဆွေးနွေးခြင်း၊ ရုံးခန်းဖွင့်လှစ်ခြင်း၊ ဝန်ထမ်းခန့်ထားခြင်း၊ ဝန်ထမ်းလစာ သတ်မှတ်ရေး ကိစ္စများနှင့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီ၏ ကိစ္စရပ်များအား အထွေထွေ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)