ဒေါပုံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး မြို့နယ်၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဒေါပုံ ဩဂုတ် ၁၈

ရန်ကုန်တိုင်း​ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းစိစစ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေှးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ  ဦးမျိုးစန်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်  မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာပြီးနောက်ပိုင်းမှာ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ (၄-ဂ) တို့ဖြင့် တင်သွင်းလာသည့် မဲဆန္ဒရှင် စာရင်းများထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်းများကို သက်ဆိုင်ရာရပ်ကွက် အလိုက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိရေး စိစစ်ပေးရန်နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အငြင်းပွားမှု ပြဿနာ တစ်စုံ တစ်ရာ ပေါ်ပေါက်လာပါက အချိန်မီဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရန် ကိစ္စ များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဒုတိယဥက္ကဋ္ဌ ဦးထိန်လင်းက မဲဆန္ဒရှင်စာရင်းများ ထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်းများကို ဩဂုတ် (၂၃) ရက်နေ့အပြီး ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် မဲဆန္ဒရှင်စာရင်းများကို ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ​မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)တို့ဖြင့် ထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်းများ ပြုလုပ်နေမှုအခြေအနေများကိုလည်း ရှင်းလင်းပြော​ကြားခဲ့ ကြောင်း သိရသည်။

သဲစုစုလွင်(ပြန်/ဆက်)