တနင်္သာရီ ဩဂုတ်၁၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တနင်္သာရီမြို့-မြို့မအားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမအတွင်း မြိတ်ခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မန်နေဂျာ ဦးသန်းစိုးနှင့်ဝန်ထမ်းများမှ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၅) စုမှ တောင်သူများအား ကိုဗစ်-၁၉ ရောဂါကာလအတွင်းမှာ လယ်ယာလုပ်ငန်းခွင်ဝင်တဲ့အခါ ငွေရေးကြေးရေး အခက်အခဲမဖြစ်စေရန်ရည်ရွယ်ကာ ဘဏ်ချေးငွေတစ်ရပ်ဖြစ်သော ကိုဗစ်-၁၉ ကာလ အထူးစိုက်ပျိုးစရိတ်ချေးငွေအဖြစ် ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ တောင်သူတစ်ဦးချင်း၏ လယ်ယာမြေပိုင်ဆိုင်မှု ပုံစံ (၇) အရ လယ်မြေတစ်ဧကလျှင် (၅၀၀၀၀) ကျပ်နှုန်းဖြင့် (၁၀) ဧကအထိ ထုတ်ချေးပေးမည်ဖြစ်ပြီး၊ အတိုးနှုန်းမှာ ငွေ(၁၀၀)ကျပ်တွင် တစ်နှစ်လျှင် (၅) ကျပ်နှုန်းသာဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် တနင်္သာရီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၁၅) စုမှ တောင်သူပေါင်း (၁၆၁၈) ဦး၏ မိုးစပါး ဧကပေါင်း (၁၀၀၃၃) ဧကအတွက် ယနေ့ ဩဂုတ်လ (၁၇ ရက်မှ ၂၁ ရက်အထိ) (၅)ရက်အကြာ၊ စောင့်ဆိုင်းပေးပြီး နေ့စဉ်နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မန်နေဂျာ ဦးသန်းစိုးထံမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)