ရန်ကုန် ဩဂုတ် ၁၈
ကလေးငယ်များအား ဗီတာမင်အေပြည့်ဝပြီး ကျန်းမာသော ကလေးငယ်များဖြစ်နိုင်ရေးအတွက် အသက် (၆)လမှ (၅)နှစ်အတွင်း ကလေးငယ်များအား ဗီတာမင်အေ တိုက်ကျွေးခြင်းနှင့် သံချဆေးများ တိုက်ကျွေး ခြင်းကို မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီခွဲက ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ် အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ပူးပေါင်း၍ ပုံမှန်ဆေးတိုက်ခြင်း များအပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကာကွယ်ဆေး လာရောက်ထိုးနှံသူ မိဘများနှင့် ကလေးငယ်များကို Mask များ တပ်ဆင်လာစေရေး၊ စုရပ် အတွင်း Social Distancing ဖြင့် လူစုလူဝေးမဖြစ်ပေါ်စေရေးတို့ကိုပါ စီမံဆောင်ရွက် ပေးခဲ့ကြသည်။
ဗီတာမင်အေပြည့်ဝသော ကလေးများသည် ပုံမှန်ကြီးထွားဖွံ့ဖြိုးခြင်း၊ ကျန်းမာကြံ့ခိုင်ခြင်း၊ မျက်စိအမြင် အားကောင်းခြင်း၊ ဗီတာမင် အေ ချို့တဲ့သော ကလေးများသည် ပုံမှန်မကြီးထွားနိုင်ခြင်း၊ မကြာခဏဖျားနာ တတ်ခြင်း၊ ရောဂါဖြစ်လျှင် ပြင်းထန်ပြီး အသက် အန္တရာယ် ကြုံတွေ့နိုင်ခြင်း၊ ကြက်မျက်သင့်ရောဂါဖြစ်တတ်ခြင်းနှင့် အပြင်တိမ်စွဲ၍ မျက်စိကွယ်တတ်ခြင်း စသည့် ရောဂါများ ဖြစ်နိုင် ကြောင်း သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)