မိုင်းယန်း ဩဂုတ် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ၂၀၂၀-ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀) နာရီ အချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်က အဖွင့်အမှာစကား ပြောကြားရာတွင် မဲစာရင်းများ တိကျမှန်ကန်စေရေး၊ ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှလည်း လုပ်ငန်းချင်း ထိတွေ့ ဆက်သွယ်ပြီး အချင်းချင်းပေါင်းစပ်၍ ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် ကော်မတီဖွဲ့စည်းထားရှိမှု အခြေအနေများ စသည်တို့ကို ပြောကြားဆွေးနွေးကာ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွှန့်ဆန်းထွန်းက လာမည့်အောက်တိုဘာလ တွင် ဒုတိယ အကြိမ်ကြေညာမည့် မဲဆန္ဒရှင်စာရင်းများ တိကျမှုရှိစေရေး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် စာရင်းများ မြေပြင်ရှိစာရင်းနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအ နေ များ စသည်တို့ကိုဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစီးအရာရှိ ဒေါ်သန်းမေလှိုင်ဦးက မဲစာရင်းလာရောက်ကြည့်ရှုမှု အခြေအနေ၊ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) လျှောက်ထားမှု အခြေအနေများအား ဆွေးနွေး ခဲ့ပြီး မဲဆန္ဒရှင်စာရင်းများကို သတ်မှတ်ရက်များတွင်ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး တင်ပြဆွေးနွေးခဲ့ပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်အောင်က မိုင်းယန်းမြို့နယ်အတွင်းရှိ မဲရုံများတွင် မဲရုံတစ်ရုံလျှင် အထူးရဲတစ်ဦး ထားရှိမည်ဖြစ်ပြီး၊ မဲလက်မှတ်သယ်ယူပို့ဆောင်ရေးအတွက် ရဲတပ်ဖွဲ့မှလုံခြုံရေးထားရှိမှုအခြေအနေများကို ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ (လဝကမှူး) ဦးလရော်က လူဦးရေစာရင်းနှင့် ပတ်သက်၍ အသက် (၁၈) နှစ်ပြည့်ပြီး မဲစာရင်းတွင် ပါဝင်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသေးသည့် သူများအား ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးကာ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက မိမိတို့ ဆောင်ရွက် မည့် လုပ်ငန်းများ ကိုကဏ္ဍအလိုက်အသီးသီးတင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲ/အဖွဲ့ဝင်များ၊ ရပ်ကွက် နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး(ပြန်/ဆက်)