မန္တလေး ဩဂုတ် ၁၈
တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) မိသားစု၏ (၄၁) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၅ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက် (၄၀)၊ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ ဓမ္မိကာရာမရွှေကျင်တိုက်မကြီးဆရာတော် ဘဒ္ဒန္တထုတိဝရ အမှူးပြုသော ဆရာတော် (၅) ပါး၊ တိုင်းရင်းဆေး တက္ကသိုလ် (မန္တလေး) မှ ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ် ပါမောက္ခ ဦးဝင်းစိုး (သင် ကြား)၊ ဒုတိယပါမောက္ခချုပ် ဦးဝင်းဟန် (စီမံ)၊ မော်ကွန်းထိန်း ဦးထွန်းမောင်၊ တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဦးစီးမှူး ဦးစန်းလွင်၊ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံအုပ်ကြီး ဒေါ်ခင်နှင်းဝေနှင့် ဌာနမှူးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တက်ရောက်လာသူများကဆရာတော် ဘဒ္ဒန္တထုတိဝရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ သိန်းဇော်လင်းနှင့် တာဝန်ရှိသူများက ဆရာတော်များကို ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြရာ လှူဒါန်းမှုအစုစုအတွက် ဆရာတော် ဘဒ္ဒန္တထုတိဝရမှ အနုမောဒနာတရား ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)