သံတောင်ကြီး သြဂုတ် ၁၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် (SHE-smiths)ပန်းထိမ်လုပ်ငန်းလုပ်ကိုင်မည့် အမျိုးသမီးများအား အခရာ(NGO) အဖွဲ့မှ ပန်းတိမ်ဆိုင်ရာ ဆက်စပ်ပစ္စည်းများပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သံတောင်ကြီး မြို့ ရှိ ရှင်ဂျော့ဂျက်အသင်းတော်၌ ပြုလုပ်သည်။
ပေးအပ်ပွဲအခမ်းအနားတွင်(SHE-smiths)ပန်းထိမ်လုပ်ငန်းစတင်တည်ထောင်သူ ဒါရိုက်တာ ဒေါ်ထားထားက အဖွင့်အမှာစကား ပြောကြားပြီး၊ အခရာ Program မန်နေဂျာ ဦးသီဟညီညီက မြန်မာနိုင်ငံတွင် ပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူအများစုမှာ အမျိုးသားများသာဖြစ်ပြီး အမျိုးသမီးဦးရေအလွန်နည်းပါးကြောင်း၊ သံတောင်ကြီးမြို့တွင် ပန်းတိမ်လုပ်ငန်းစိတ်ပါဝင်စားသော အမျိုးသမီးများအားဖိတ်ခေါ်ပြီး ပန်းထိမ်ပညာသင်တန်းသို့ တက်ရောက်သင်ကြားစေခဲ့ကြောင်း၊ ပန်းတိမ်ပညာသင်တန်းဆင်းအမျိုးသမီးများအတွက် ပန်းတိမ်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သောပန်းတိမ်နှင့် ဆက်စပ်ပစ္စည်းကို လာရောက်မတည်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ရေရှည်လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မိမိတို့၏လုပ်ငန်းဆောင်ရွက်မှုအပေါ်မူတည်၍ လိုအပ်သောစျေးကွက်ရောင်းချမှုကိုလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
ဆက်လက်၍ ပန်းထိမ်လုပ်ငန်းနှင့်ပတ်သက်သည့်ပစ္စည်းစားရင်းဇယားများကို အခရာ(NGO)ဒါရိုက်တာ ဒေါ်ထားထားကဘုန်းတော်ကြီး ဦးတင်အုန်းထံ ပေးအပ်ခဲ့သည်။
အဆိုပါ ပန်းတိမ်လုပ်ငန်းဆောင်ရွက်ရန်အတွက် အခရာ(NGO)အဖွဲ့မှ မတည်ဆောင်ရွက်ပေးခဲ့သော ပန်းထိမ်နှင့် ဆက်စပ်ပစ္စည်းများ၏စုစုပေါင်းတန်ဖိုးမှာ ကျပ်သိန်း (၃၀) ခန့်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)